အသုံးစရိတ်မရှိတော့လို့ ရှေ့နေတွေကိုအကူအညီတောင်းရသတဲ့လားအမေရယ်

ထိန်းသိမ်းခံထားရစဉ် အသုံးစရိတ်စီစဉ်ပေးဖို့ ရှေ့နေအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်အကူညီတောင်း။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက်လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးမှုကို ဒီကနေ့ ဇွန် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

ရုံးချိန်းမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ဟာ အမှုကိစ္စပြောဆိုဖို့ နာရီဝက် တွေ့ဆုံ ပြောခွင့် ရခဲ့တယ်လို့ ရှေ့နေအဖွဲ့ကပြောပါတယ်။

 

‘ ‘ ဒီကနေ့ ရုံးချိန်းမှာ အမှုတွေဟာ ရိုးရှင်းတဲ့အမှုတွေဖြစ်လို့ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဖို့ တင်ပြရာမှာ တရားသူကြီးဘက်ကလည်း လက်ခံတယ်။ ဒါကြောင့် ဖေဖော်ဝါရီမှာ အမှုရုံးစတင်စွဲတာဖြစ်လို့ ၂၆.၇.၂၀၂၁ မှာအမှုတွေကို အပြီးစစ်မယ်။

ဒါကြောင့် တပတ်ခြားမဟုတ်တော့ဘဲ ရှေ့အပတ်ကစပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါ တိုင်း ရုံးချိန်းရှိမယ်။ တနင်္လာ နေ့မှာ ၃မှု ၊ အင်္ဂါ နေ့မှာ ၂မှုရှိမယ်။

တရားလိုဘက်က သက်သေတွေကို ၂၈.၆.၂၀၂၁ မှာ နောက်ဆုံးထားစစ်ဖို့ပြီးမှ စွဲဆိုခံရသူဘက် သေစစ်မယ်။’’လို့ ဒီကနေ့ ရုံးချိန်းမှာ ပြုလုပ်ခဲ့တဲ့အမှုအခြေအနေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ရှေ့နေဦးခင်မောင်ဇော်ပြောပါတယ်။

 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၆ခုအနက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေလွှဲယူခဲ့တဲ့ ရန်ကုန်မှာစွဲဆိုထားတဲ့ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုအက်ဥပဒေနဲ့ စွဲဆိုခံထားရတဲ့အမှုကို ဇွန် ၂၃ ရက်မှာလျှောက်လဲချက်ပေးဖို့ခေါ်ယူထားပြီး စွပ်စွဲခံရသူကိုယ်တိုင်လျှောက်ထားဖို့ ပြည်ထောင်စုတရားလွှတ်တော်ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရာမှာ မေးမြန်းခဲ့တယ်လို့လည်း ဦးခင်မောင်ဇော်ကပြောပါတယ်။

 

‘ ‘ရောက်ရောက်ချင်းမေးတော့ သူမသိဘူးလို့ ပြန်ပြောတယ်။ သူကတော့ သူ့ကိစ္စအားလုံးကို သူ့ရှေ့နေ တွေနဲ့ လုပ်ဖို့ပြောထားပြီးသား။ သူ့ဆီကို ဒဒီဆင့်စာလည်းမရောက်ဘူးလို့ပြောပါတယ်။ ဒါကြောင့် တရားရုံးမှာ ရှေ့နေနဲ့လျှောက်လဲဖို့ စာပြန်တင်ပေးဖို့ ပြောခဲ့တယ်။’’လို့ သူကပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ရုံးချိန်းမတိုင်ခင် ရှေ့နေအဖွဲ့နဲ့တွေ့ဆုံရာမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူနဲ့အတူထိန်းသိမ်းခံထားရသူတွေရဲ့ စားသောက်စရိတ်အတွက် စီစဉ်ပေးဖို့ရှေ့နေအဖွဲ့ကိုအကူအညီတောင်းခဲ့တယ်လို့လည်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

 

“ပြည်သူတွေကျန်းမာဖို့ အဓိက မှာတယ်”
ပြီးတော့ သူနဲ့အတူနေတဲ့ သူတွေအတွက် ပိုက်ဆံနည်းနေပြီဖြစ်လို့ရှေ့နေတွေကို ကူညီပေးဖို့ ။၂ပတ်တခါ ရိက္ခာနဲ့ ဆေးဝါးလိုတာတွေကို စီစဉ်လို့ရရင်စီစဉ်ပေးဖို့ပြောတယ်။ လက်ထဲမှာလည်း ငွေသားမကျန်တော့ဘူး။ ထိန်းသိမ်းထားတဲ့သူတွေက စီစဉ်ပေးမယ်ပြောပေမယ့် အန်တီကမလိုချင်ဘူး ရှေ့နေတွေကတဆင့်ပဲ လုပ်ဆောင်ပေးဖို့ပြောခဲ့တယ်’’လို့ သူကပြောပါတယ်။

 

ဒီကနေ့ ရုံးချိန်းတရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်အပါအ၀င် သူတို့ ၃ဦးကို တွေ့ဆုံစကားပြောခွင့်ပေးဖို့ တရားသူကြီးကိုတောင်းဆိုခဲ့တယ်လို့လည်း သူကပြောပြပါတယ်။