၀မ်းသာလိုက်တာသားရယ် အဖွားဘ၀မှာ ဒါပထမဆုံးပါပဲ

သရက်သီး အလုံး(၇၀)ပါတာကို (၇)သောင်းပေးပြီး အကုန်ဝယ်လိုက်လို့ အရမ်းပျော်သွားတဲ့ အဖွား”

ပျော်လိုက်တာ သားရယ်….. အဖွား ဘဝမှာ ပထမဆုံး တနေ့တည်း အကုန် ရောင်းရတဲ့နေ့

အဖွား…တလုံး ဘယ်လောက်တုန်း?

 

၄လုံး ၁ ထောင်ကျပ်ပဲ ပေးပါ သားရယ်

အဖွား နေပူတယ်နော်….

ဟုတ်တယ်…သားလေးရယ်….အဖွားက တယောက်တည်းသမားဆိုတော့…ဒါလေးတွေ ရောင်းရမှ ထမင်းစားရမှာ

အော….ဟုတ် အဖွား….အဖွား သရက်သီး ဘယ်နှလုံး ရှိတုန်း?

ဗန်းထဲမှာ…၃၀လောက် ရှိမယ် ထင်တယ် သား…ခြင်းထဲမှာလဲ ၄၀လောက် ကျန်သေးတယ်ထင်တယ် သား….

ဟုတ်လား အဖွား….သား အကုန်ယူမယ်လေ….

သားကို ရောင်းပြီ အဖွား နေပူတယ် အိမ်စောစော ပြန်တော့လေနော်

 

သားလေး….ဘယ်နာရီရှိပီလဲ..ဟင်?

(၁၀) နာရီ (၁၅) အဖွား….

ဟယ်….အစောကြီးပဲ ရှိသေးတယ်….

ဟုတ်တယ်….အဖွားကို စောစော ပြန်နားစေချင်လို့ပါ

အဖွား အလုံး (၇၀) ကို 17,500 Ks ကျတယ်နော်….

ရော့ အဖွား 70,000 Ks ယူလိုက်နော်

ကျေးဇူးတင်လိုက်တာ သားလေးရယ်….အဖွား အိမ်လေး ခြေတိုင်လေး ပြန်ပြင်လို့ ရသွားပြီ … အဖွား ဝမ်းသာလိုက်တာ သားလေးရယ်

 

ရပါတယ် အဖွားရယ်…. အိမ်ပြန်နားတော့နော်….ခြင်းလေး ခေါင်းပေါ် တင်ပြီ ကြည်မြင့်တိုင် တဖက်ကမ်းသို့ ပြန်သွားရှာတယ်

ကားပေါ် သရက်သီးထုပ်တွေ တင်တုန်း ဘေးနား ကွမ်းယာဆိုင်က ဦးလေးကြီးက…..

မင်းတို့ကို အဖွားကြီး ကိုယ်စား ကျေးဇူးတင်တယ်ကွာ…

သူ တနေလုံး နေမှ တလုံးတောင် ရောင်းရချင်မှ ရောင်းရတာ….

 

လျှောက်လာတဲ့သူတွေကလဲ ကျော်သွားကြတာပဲ တခါတလေ နေ့လည်စာတောင် မစားရဘူး ဘေးနားက ကျွေးတာလေး စားပြီ ပြန်သွားရတဲ့ ရက်တွေ မနည်းဘူး

ကျနော်တို့တွေ နေ့လည်စာ ညစာ နပ်မှန်စွာ စားနိုင်နေခဲ့ပေမဲ့…..တချို့ တနေ့လုပ်မှ တနေ့မစားရတဲ့ အဖိုးအဖွားများစွာရှိနေပါသေးလား…ဗျာ