ဘာသာရေးအဓိကရုဏ်းဖြစ်စေရန် မအလ အကွက်ကျကျစလုပ်ပြီ

ဒလရှိ အစ္စလမ်ဘာသာရေးစာသင်ကျောင်းမီးလောင်မှု စစ်တပ်နှင့် ပျူစောထီးလက်ချက်ဟု ဒေသခံများပြော၊ တော်လှန်ရေးကို ဘာသာရေး အဓိကရုဏ်း အသွင်ပြောင်းရန် ကြိုးစားနေ

 

ရန်ကုန်တိုင်းဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်ရှိ အစ္စလမ်ဘာသာရေး စာသင်ကျောင်းဖြစ်သော ဟာဖိဇ်ကျောင်းတော်ကြီးသည် ဇွန်လ ၉ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်တွင် မီးရှို့ခံလိုက်ရပြီး ယင်းမီးရှို့မှုသည် စစ်တပ်နှင့် ပျူစောထီးများ၏ လက်ချက်ဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

 

ဇွန်လ ၉ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်တွင် ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်ရှိ ဟာဖိဇ်ကျောင်းတော်ကြီး မီးလောင်ကျွမ်းခဲ့ပြီး ကျောင်းတော်ကြီးတစ်ခုလုံး ပြာကျသွားကြောင်း၊ မီးစတင်လောင်ကျွမ်းချိန်သည် ည ၁၁ နာရီ ၄၀ မိနစ်အချိန်ဖြစ်ပြီး စစ်ကောင်စီတပ်များသာ လမ်းပေါ်တွင်ရှိနေချိန်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

 

“ည ၈ နာရီလောက်ဆို ဒလမှာ ဘယ်သူမှ အပြင်မထွက်တော့ဘူး။ ည ၁၁ နာရီလောက်မှာ အဲဒီကျောင်းပတ်ဝန်းကျင်မှာ ဆိုင်ကယ်နဲ့ ပတ်နေတဲ့ အရပ်ဝတ်တွေရှိသလို ရဲတွေ စစ်ကားတွေလည်း လှည့်နေတာရှိတယ်။ အဲဒီလို လုံခြုံရေးတွေရှိနေတဲ့ကြားက မီးထလောင်တာ။ မီးမလောင်မီမှာလည်း သေနတ်ဖောက်သံလိုကြားရတယ် ။ အဲဒီတော့ ကျောင်းတော်မှာလည်း လောင်စရာ လောင်စာနဲ့ မီးလောင်စရာအခြေအနေမရှိဘူး။ မီးမလောင်ခင်မှာ ဆိုင်ကယ်နဲ့ပတ်နေတဲ့ အရပ်ဝတ်ရဲနဲ့ စစ်သားတွေ ရှိနေခဲ့တာအမှန်ပဲ။ အဲဒီတော့ သုံးသပ်ရင်တော့ ဒါဟာ ဘာသာရေးပဋိပက္ခဖြစ်အောင် ၊ တော်လှန်ရေးကို ဘာသာရေးပဋိပက္ခ ပုံစံဖြစ်အောင် လုပ်နေတယ်လို့ ယူဆလို့ရတယ်။ သုံးသပ်လို့လည်းရတယ်” ဟု အဆိုပါ မီးလောင်ခဲ့​သော စာသင်ကျောင်းအနီးနေထိုင်သူ အစ္စလမ်ဘာသာဝင်တစ်ဦးက ဆိုသည်။

ဒလမြို့နယ်တွင် နေထိုင်သူ ဗုဒ္ဓဘာသာဝင်တစ်ဦးကလည်း အစ္စလမ်ဘာသင်ကျောင်းကို မီးရှို့ခြင်းဖြင့် နှစ်ဖက်ဘာသာဝင်များအကြား မယုံကြည်မှုနှင့်သံသယများပွားစေရန် လုပ်ဆောင်သော လုပ်ရပ်ဟု ဆိုသည်။

 

“၂၀၁၂၊ ၂၀၁၃ မိတ္တီလာအရေးအခင်းပြန်ကြည့်မလား။ သင်ခန်းစာယူပြီးပြီ နားလည်နေပြီ။ နှစ်ဖက် ဘာသာဝင်တွေကို တမင်ကို ရန်တိုက်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီလိုလုပ်တယ်လို့မြင်တယ်။ ရန်ကုန်မှာဆိုရင် ဒလကစပြီး ပဋိပက္ခဖြစ်အောင် လုပ်တယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒလမှာ ကျနော်တို့အားလုံးက ဘာသာမတူ ညီအစ်ကို မောင်နှမတွေလိုပဲ တစ်ဦးနဲ့ တစ်ဦးက ဘာမှ အမြင်စောင်းစရာလည်းမရှိဘူး။ ဒီစာသင်ကျောင်းကို မီးရှို့တာဟာ စစ်ခွေးတွေ ပျူစောထီးတွေလုပ်တယ်ဆိုတာ နှစ်ဖက်စလုံးက နားလည်နေတယ်” ဟု ၎င်းက ဆိုသည်။

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကမူ “ဘာသာရေးပဋိပက္ခတွေ တမင်ဖန်တီးပြီး နိုင်ငံရေး အာရုံပြောင်းဖို့ အကြမ်းဖက်စစ်တပ်က အမြဲကြိုးစားခဲ့သလို၊ ဖန်တီးခဲ့တာတွေလည်း အများကြီးပါ။ အခု မြန်မာ့နွေဦးတော်လှန်ရေးက တစ်ရက်ထက်တစ်ရက် အရှိန်တက်လာတယ်။ တော်လှန်ရေး လုပ်နေသူအားလုံးက တော်လှန်ရေးအောင်မြင်မယ်လို့ ယုံကြည်နေကြတဲ့အတွက် တော်လှန်ရေးက တကယ်ကို အောင်မြင်လာမယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်နဲ့ သူတို့ကို ထောက်ခံတဲ့ လူအုပ်တစ်စုက တော်လှန်ရေးကို အာရုံပြောင်းဖို့အတွက် ဘာသာရေး ပဋိပက္ခမီးမွေးဖို့ အရမ်းကို ကြိုးစားအားထုတ်နေကြတယ်။မြန်မာပြည်သူပြည်သားတွေ တော်တော်များများက အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာမှုကို နားလည်နေကြပါပြီ။ အဲဒါကြောင့် တော်လှန်ရေးအောင်မြင်ရေးကိုသာ အဓိကထားပြီး၊ အကြမ်းဖက်စစ်တပ်က ယုတ်မာလာတာကို တတ်နိုင်သလောက် ဝိုင်း၀န်းကာကွယ် ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြောဆိုသည်။

 

လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အစ္စလမ်ဗလီကျောင်းများကို ဝင်စစ်ဆေး ရမည်ဆိုသော လှုံ့ဆော်မှုများ မကြာခဏဆိုသလို မဘသများနှင့် စစ်တပ်ထောက်ခံသူများ ယခုရက်ပိုင်းအတွင်း မကြာခဏဆိုလို Facebook ပေါ်တင်၍ လှုံ့ဆော်မှုများကိုလည်း တွေ့မြင်နေရသည်။