ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေး သိက္ခာချတဲ့ လုပ်ရပ်တွေပါလုပ်လာတဲ့ မအလ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက တရားစွဲဆိုတာဟာ ပုဂ္ဂိုလ်ရေးအညိုးနဲ့ သိက္ခာချတဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး က ချေပလိုက်ပါတယ်။

 

ဒီလို တရားစွဲဆိုလိုက်တဲ့အတွက် ” ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူလူထုရဲ့ယုံကြည်မှု ကိုထိခိုက်စေမှာ မဟုတ်ဘူး” လို့လဲ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌရုံး ရုံးအဖွဲ့မှူးဟောင်းလည်း ဖြစ်သူ ဦးမိုးဇော်ဦးကဆိုပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားစွဲခံရတဲ့အပေါ် ဦးမိုးဇော်ဦးက

 

“ပုဂ္ဂိုလ်ရေး အာဃာတနဲ့ လုပ်တာပါ ။ ပုဂ္ဂိုလ်ရေးအညှိးအတေးနဲ့ လုပ်နေတာပါ။ ဒါက အကြောင်းပြနေတာပါ ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဘယ်လိုဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်လိုလာဘ်စားတယ်။ ဒါတွေအားလုံး အကြောင်းပြချက်တွေချည်းပါပဲ။

အဲဒီတော့ အမှန်ကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဆိုတာ Non-profit Organization ပေါ့နော်။ အကျိုးအ မြတ်ကို ရည်ရွယ်ပြီးတော့ လုပ်တဲ့အဖွဲ့အစည်းမဟုတ်ဘူး။ ပြည်သူလူထုကနေ လှူဒန်းတဲ့ငွေတွေပေါ့နော်၊ အ ထူးသဖြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့စိတ်နဲ့ လှူဒန်းတဲ့ငွေတွေ စုစည်းပြီးတော့မှ ကျနော်တို့က တိုင်းပြည်မှာရှိတဲ့ ပညာရေး ကျန်းမာရေး အစရှိသဖြင့်ပေါ့လေ။

 

ပြည်သူလူထုရဲ့ ဘဝအဆင့်အတန်းကို မြှင့်တင်ပေးဖို့အတွက်ကို ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အခုအချိန်အထိဆိုရင် ကျနော်တို့ လှူဒါန်းခဲ့တဲ့တန်ဖိုးပေါင်းက မနည်းတော့ဘူးပေါ့ သိန်းပေါင်းက သိန်းနဲ့ ချီပြီလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်ပဲပေါ့နော်။ နေပြည်တော်က မြေဧက ၁၀၀ ကျော်ကို အလားတူ လျော့ဈေးနဲ့အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့အပေါ်မှာရော

 

ဦးမိုးဇော်ဦး။ ။ ကျနော်တို့ စိုက်ပျိုးအသက်မွေးဝမ်းပညာသင်ကျောင်း ဖွင့်ဖို့အတွက်ကို နေပြည်တော် စည် ပင်မှာလျောက်ထားခဲ့တာဖြစ်ပါတယ်။ ဒီသင်တန်းကျောင်းဆိုတာလည်း အခမဲ့ပါ။

ဒီတနိုင်ငံလုံးမှာရှိတဲ့ ကလေးတွေက ဒီစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေရရှိအောင်လို့ ဆိုပြီးတော့ ၁ နှစ်သင်တန်းပေါ့ အကျိုးအမြတ်အတွက်လျှောက်ထားတာမဟုတ်ပါဘူး။ နောက်တခုက အဲဒီမြေနေရာတွေဆိုတာက ဘယ်သူမှ မျက်စိမကျလို့ ကျန်ခဲ့တဲ့ နေရာတွေ ။

 

အရင်အစိုးရတွေကနေပြီးတော့မှ အဲဒီပတ်ဝန်းကျင်ထဲမှာ ကြည့်လိုက်မယ်ဆိုရင် တကယ့် မြေညီပြီး၊ မြေကောင်းတဲ့နေရာတွေ ရှိပါတယ်။ အဲလို မဟုတ်ဘူး၊ ကျနော်တို့ လျောက်ထားတဲ့နေရာက တကယ့်ကို ဂမူတွေ ကုန်းတွေနဲ့ ဘယ်သူမှ မျက်စိမကျလို့ ပစ်ထားခဲ့တဲ့ နေရာမျိုးကို ကျနော်တို့ လျောက်တာပါ။

နောက် ဒီမြေဈေးနှုန်းကလည်း တခြား ဥပမာ “နေပြည် တော်မှာဆိုရင် ကြံခိုင်ဖွံ့ဖြိုးရေး ရုံးကြီးဆိုရင် ဧရာမ နေရာကြီးပါ။ ဒီမြေကို ဘယ်လောက်နှုန်းနဲ့ ပေးခဲ့ရသလဲ စုံစမ်းကြည့်ပေါ့နော်၊ ဒီမြေတင်မကပါဘူး တခြား ဘယ်မြေတွေကို ဘယ်လောက်နှုန်းနဲ့ ရရှိ သလဲကို စုံစမ်းကြည့်ပြီးရင် ကျွန်တော်တို့ နှုန်းက သူများတွေနဲ့ နည်းတူပဲ” ဘာမှ အထူးအခွင့်အရေးရရှိတာမျိုး မဟုတ်ပဲနဲ့ လျှောက် ထားပြီးတော့ ရရှိတာဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ နောက်တခုက ဒီနေရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ငွေကျပ် ၁.၆ ဘီလံကျော်ကိုပေါ့နော် တလွဲသုံးပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အိမ် ဆောက်စေခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲခဲ့တာအတွက်ရော။

ဦးမိုးဇော်ဦး။ ။ဒေါ်အောင်ဆန်းစုကြည် အခုလက်ရှိနေထိုင်နေတဲ့ အမှတ် ၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူထားပြီ ၊ နှုတ်အားဖြင့်လှူထားပြီပေါ့နော်။ ဒါပေမယ့် စည်ပင်နဲ့ပတ်သက်တဲ့ မြေတိုင်းတို့ဘာတို့ ကိစ္စတွေ မပြီးသေးဘူးပေါ့နော်။

 

အဲဒီတော့ စဉ်းစားကြည့်ပါ အဲဒီမြေနေရာ ဘယ်လောက်တောင်တန်ဖိုးရှိမလဲဆိုတာလေ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်တယ်။ အဲဒီတော့ ဥက္ကဋ္ဌက သူ့ပိုင်ဆိုင်မှုကို သူက အကုန် လုံးလှူဒါန်းပေးပြီးသွားပြီဖြစ်တယ်။

သူ့မှာနေစရာတောင်မရှိတော့ပါဘူး။ ကျနော်တို့က အဲဒီနေရာလေးမှာ သူနေဖို့ နေရာလေးကို စီစဉ်ထားပေးတယ်၊ ဒါသူ့လုပ်ပိုင်ခွင့် သူအာဏာကို အလွဲသုံးစားလုပ်ပြီးလုပ်တာလည်းမဟုတ်ဘူး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တယောက်ကို စဉ်းစားပေးတာဖြစ်တယ်။

နောက်တခုက အလှူငွေတွေနဲ့ ပတ်သက်လို့ အလွဲသုံးစားလုပ်တယ်လို့လည်း ပြောရအောင် ဒီအလှူငွေတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးတဲ့ လေးစားတဲ့စိတ်နဲ့ ရတဲ့အလှူငွေတွေချည်းပါပဲ။ တချို့အလှူငွေတွေဆိုရင် ကြိုက်သလိုသုံးပါ ပုဂ္ဂိုလ်ရေးသုံးပါ ဆိုပြီးတော့ လာလှူထားတာတွေလည်းရှိပါတယ် ။

ဒါက ဒေါ်အောင်ဆန်းစုကြည် အာဏာရမှ မဟုတ်ပါဘူး။ အရင့်အရင် ကတည်းကနေပြီးတော့ လှူဒါန်းထားတာတွေအများကြီးရှိပါတယ်။ သူ့ကို ပုဂ္ဂိုလ်ရေးအရ လှူတဲ့ငွေတွေ ဘယ်လောက်ပဲများများ၊ နောက်ဆုံးလက်ဝတ်ရတ နာတွေကအစ ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းပဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို သူ လွှဲပေးပါတယ်။

 

ကိုဝင်းမင်း။ ။ အဲဒီတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ တရားစွဲမှုကနေပြီးတော့ ရှေ့မှာ ဘယ်လိုသက်ရောက်မှုရှိလာဖို့ မှန်းထားသလဲ။

ဦးမိုးဇော်ဦး။ ။ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ သိက္ခာချဖို့ ဘာတွေပဲ စွပ်စွဲပါစေ ပြည် သူလူထုက နားလည်ပါတယ်။ ၁၉၈၈ နောက်ပိုင်း နှစ်ပေါင်းများစွာ၊ ဒီလိုမျိုး မဟုတ်တဲ့ ကိစ္စတွေနဲ့ စွပ်စွဲမယ်၊ ထောင်တွေနှစ်ရှည်ချမယ် ဒီလိုမျိုး အာဃာတတွေနဲ့ လုပ်ခဲ့တယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုက အမြဲ ပိုပြီးတောင်မှုသနားမှု ကျင်နာမှု စာနာမှုစိတ်တွေက ပိုပြီးတောင်မှ မြင်မားလာဦးမယ်။