တရားလိုပြသက်သေတွေကို ဒီကနေ့မှာပဲ စစ်ဆေး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ ဒီကနေ့ ဇွန်လ ၂၁ရက် တနင်္လာ နေ့မှာ ရုံးထုတ်ပြီး နှစ်ဦးပေါင်း အမှု၄ မှု အတွက် တရားလိုပြသက်သေတွေကို စစ်ဆေးဖို့ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

 

စစ်ဆေးမယ့် အမှုတွေကတော့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့နဲ့ စွဲဆိုထားတဲ့ ၃ မှု ဖြစ်ပြီး ဦးဝင်းမြင့် ကိုတော့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ တစ်မှု စုစုပေါင်း အမှု ၄ မှု အတွက် ကြားနာ စစ်ဆေးမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

 

ဇွန်လ ၁၄ရက် တနင်္လာ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက သုံးမှုကို ပထမဆုံး စတင်ကြားနာခဲ့ရာမှာ တရားလိုတွေကိုသာ စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးနိုင်ခြင်း မရှိခဲ့ ပါဘူး။ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၃ မှုက တရားလိုတွေဖြစ်တဲ့ ရဲမှူးကြည်လင်း နဲ့ ရဲမှူးမြင့်နိုင် တို့ကို အရင်ရုံးချိန်းမှာ စစ်ဆေးခဲ့ပါတယ်။

 

တရားလို ရဲမှူးမြင့်နိုင်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ် ပုဒ်မတွေနဲ့ တရားစွဲခဲ့တာ ဖြစ်သလို၊ ရဲမှူးကြည်လင်းဟာ ပို့ကုန်သွင်းကုန်ပုဒ်မ ၊ဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲထားခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့တုန်းက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ပုဒ်မ ၆ ခု၊ အမှု ၇ မှုနဲ့ တရားစွဲခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က ပထမဆုံး စတင် ကြားနာစစ်ဆေးခဲ့တာဖြစ်ပါတယ်။အခုအခါ တရားလို စစ်ပြီးသွားတာကြောင့် ဇွန် ၂၁ရက်နေ့မှာ တရားလိုပြ သက်သေတွေကို တစ်မှု နှစ်ယောက် စစ်ဖို့ ပြောကြားထားတယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

 

အဲဒီအခါ အဓိက စစ်မေးခြင်း လုပ်ဆောင်မှာ ဖြစ်ပြီး ရှေ့နေတွေနဲ့ အပြန်အလှန် စစ်မေးခြင်းကိုလည်း အတူ လုပ်ဆောင်နိုင်မယ်လို့ ထင်ကြောင်း သူက ဆိုပါတယ်။ဇွန်လ ၂၂ ရက်နေ့ အင်္ဂါနေ့ရုံးချိန်းမှာတော့ ဒေါက်တာမျိုးအောင် အပါအဝင် ၃ယောက်ကို တရားလို ဦးစိုးထွန်းရွှေက စွဲထားတဲ့ အမှုကို စစ်ဆေးမှာ ဖြစ်သလို၊တရားလို ဦးထွန်းမြင့်အောင် ခေါ် ဦးညီညီက သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး ဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှုကိုလည်း စစ်ဆေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။