မြန်မာနိုင်ငံကို အာရှ ဗဟိုချက် မှာ နောက်ထပ် ဆီးရီယားတစ်နိုင်ငံ ကျွန်တော်တို့လိုချင်ဘူး

မြန်မာ့အရေးအပေါ် ဩစတေးလျအစိုးရကိုင်တွယ်မှု နှေးကွေးဟု လွှတ်တော်အမတ်များ ဝေဖန်

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းဆန့်ကျင် ကန့်ကွက်မှုများကို အကြ မ် း ဖက် နှိမ် နင်းမှုများလာတာနဲ့အမျှ စစ်အာ ဏာသိမ်းကောင်စီကို ပိုပြင်းထန်တဲ့ ပိတ်ဆို့မှုအသစ်တွေလုပ်ဖို့ ဩစတေးလျအစိုးရကို တိုက် တွန်း လာကြ ပါတယ်။

 

ဩစတေးလျအစိုးရက မြန်မာ့အရေးကို ဘယ်လောက်အားစိုက်ပြီး လုပ်ဆောင်နေတယ်ဆိုတာကို လအတန် အကြာ စောင့်ကြည့်ပြီးတဲ့နောက် ဩစတေးလျလွှတ်တော်ကော်မတီ တစ်ခုက တောင်းဆိုလိုက်တာပါ။

အခြားဒီမိုကရေစီနိုင်ငံတွေက မြန်မာစစ်အစိုးရကို ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေလုပ်နေပေမဲ့ ဩစတေးလျက အဲလောက် ထိတောင် မရှိသေးဘူးဆိုပြီး အားမလို အားမရ ဖြစ်နေတာပါ။

 

အခုတော့ ဩစတေးလျအစိုးရက စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တာကို ရပ်ဆိုင်းထားတယ်၊ စစ်အစိုးရကို နိုင်ငံခြား အကူအညီမပေးဘူး၊ မြန်မာ့အကျပ်အတည်းအတွက် အာဆီယံ အဖွဲ့က ကြိုးပမ်းနေတဲ့ အားထုတ်မှု တွေ ကို ထောက်ခံ အားပေးနေတယ်၊ ဖိအားပေးနေတယ်။

ဒါပေမဲ့ ပါတီစုံနဲ့ပြင်ပ ပုဂ္ဂိုလ်တွေပါ ပါတဲ့ ဩစတေးလျလွှတ်တော် Cross-party ကော်မတီ တစ်ခုကတော့ အဲဒီလောက်နဲ့ မရသေးဘူးဆိုတဲ့ အချက်ပြလိုက်ပါတယ်။ ဩစတေးလျလွှတ်တော် ကိုယ်စားလှယ်တွေကြားမှာ စိတ် မရှည် သည်းမခံနိုင်တာတွေများလာပြီ၊ မြန်မြန်ဆန်ဆန် လုပ်သင့်သလောက်ကို မလုပ်ဘူးလို့ သူတို့ ထင်မြင် လာကြပါပြီ။

ဒါကြောင့်ပဲ ဩစတေးလျ အစိုးရအနေနဲ့ စစ်ကောင်စီကို ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှု အသစ်တွေလုပ်ဖို့ တိုက်တွန်း ကြောင်း အဆိုကို ကော်မတီက အတည်ပြုလိုက်ပါတယ်။

ဩစတေးလျရောက် မြန်မာအသိုင်းအဝိုင်းကလည်း ဩစတေးလျအစိုးရရဲ့ စစ်ကောင်စီအပေါ် ချည်းကပ်နေတဲ့ ဗျူဟာကို ဝေဖန်ရှုံ့ချနေပါတယ်။ နောက်ပြီး စစ်ခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့မှု အသစ်တွေလုပ်ဖို့၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဦးဆောင် ဖွဲ့စည်းထားတဲ့အစိုးရကို အသိအမှတ်ပြုဖို့ တောင်းဆို ဖိအား ပေးနေပါတယ်။

 

အရေးယူပိတ်ဆို့မှုတွေဆိုတာ ပြဿနာတွေအားလုံးကို အဖြေထုတ်ပေးနိုင်တဲ့ ငွေကျ ည်တောင့် မဟုတ်ဘူး ဆိုတာကို ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်ကော်မတီကို ကနဦးကတည်းက သတိပေးထားပါတယ်။

ဒါဟာ မြန်မာကို အကောင်းဘက်ကို အပြောင်းအလဲ မဖြစ်စေဘူး၊ ဩစတေးလျက မြန်မာ စစ်ကောင်စီကို လွှမ်းမိုး နား ချနိုင်စွမ်းကိုတောင် အကန့်အသတ်ဖြစ်စေနိုင်တယ်ဆိုပြီး ပြောထားပါတယ်။

အရေးယူပိတ်ဆို့မှု လုပ်ဖို့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိနိုင်ပေမဲ့ ပိတ်ဆို့မှု အသစ်တွေသည်သာလျှင် ထပ်ဖြည့်စဉ်းစား တုံ့ပြန်မယ်ဆိုရင် ကျိန်းသေလုပ်ရမယ့် အရာလို့ လွှတ်တော် ကော်မတီကတော့ ပြန်တုန့် ပြန်ထားပါတယ်။

 

“လုပ်နေတဲ့ပုံစံတွေက အရမ်းနှေးလွန်းတယ်၊ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်ပြီး တုံ့ပြန်ပုံတွေက ကောင်းကောင်းမွန်မွန် မြန်မြန်ဆန်ဆန် ဖြစ်မနေဘူး”လို့ လွှတ်တော် ကော်မတီရဲ့ ဒုတိယ ဥက္ကဋ္ဌ လေဘာပါတီ အမတ် ဂျူလီယန်ဟေးက ဆိုပါတယ်။

“အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ တကယ့်အကောင်တွေ၊ စစ်တပ်ကို ဒေါ်လာ ဘီလီယံချီ ပွပေါက် တိုးစေတဲ့ စစ်စီးပွားရေး လုပ်ငန်းတွေကို သေချာပေါက် ပိတ်ဆို့ အရေးယူရမှာပါ”လို့ သူက ထပ်ပြောပါတယ်။

အာဆီယံက မြန်မာ့အရေး ကိုင်တွယ် ဖြေရှင်းနေတယ်ဆိုပေမဲ့လည်း နှေးကွေးပြီး အယောင်ပြလို ဖြစ်နေ တာကြောင့် ဝေဖန်မှုတွေ ဆက်တိုက်ထွက်နေပါတယ်။ အာဆီယံကိုပဲ အားကိုးမဲ့အစား အခြား ဒေသတွင်း အင်အားကြီး အဖွဲ့တစ်ခု ဖြစ်တဲ့ လေးပွင့်ဆိုင် လုံခြုံရေး ဆွေးနွေးဘက်နိုင်ငံများ အဖွဲ့ (Quad) အနေနဲ့ မြန်မာကိစ္စ အပေါ် ဖိဖိစီးစီး ဆောင်ရွက်သင့်တယ်ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိနေပါတယ်။

 

Quad မှာ ဩစတေးလျား အပါအဝင် အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယတို့လည်း ပါဝင်ပါတယ်။
ဒါပေမဲ့ အဲဒီအဖွဲ့ကလည်း ဘာမှ ထိထိရောက်ရောက် မလုပ်ပါဘူး။ မြန်မာ့ အရေးကို ဒီလို ပေါ့ပေါ့တွက်ထားရင် အာဆီယံ၊ အာရှ ဒေသတွင်း သာမက နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် မီးစတွေ ပိုပွားလာမှာကို စိုးရိမ် နေသူတွေ ရှိပါတယ်။

အဲဒီလို အချိန်မှာ အာရှ ပစိဖိတ်ဒေသတွင်း အင်အားကြီး ဩစတေးလျက မြန်မာစစ်ကောင်စီကို အသေအချာ ဖိအားမပေး၊ တုံ့တုံ့နှေးနှေးလုပ်နေတဲ့ အတွက် လွှတ်တော် အမတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေတာ ဖြစ်ပါတယ်။

ဩစတေးလျအစိုးရဟာ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားစရာတွေနဲ့ပဲ နပန်းလုံးနေတယ်လို့ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ လစ်ဘရယ်ပါတီ အမတ် ဒေ့ဗ်ရှာမာက ဝေဖန်ပါတယ်။

အစိုးရ အနေနဲ့ ချိန်ဆစဉ်းစားစရာတွေရှိတယ်၊ ထည့်သွင်းတွက်ချက်ရမဲ့ အကျိုးစီးပွားတွေ ရှိတယ်၊ မြန်မာ့ အရေးမှာ အာဆီယံရဲ့ အခန်းကဏ္ဍကိုလည်း လွှတ်တော်က ထုတ်လိုက်တဲ့ အစီရင်ခံစာမှာ အသိ အမှတ် ပြုထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ တရားဝင်အသိအမှတ်ပြုတာမျိုးကို တနည်းနည်းနဲ့ မပြမိဖို့လည်း လွှတ်တော် ကော်မတီက တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ ဒီပုံစံအတိုင်းဆိုရင် မြန်မာပြည်က တစ်နိုင်ငံလုံး စစ်တစ်လင်းဖြစ်ဖို့ အန္တရာယ် ရှိနေတယ်လို့ လွှတ်တော် အမတ် ဒေးဗ်က သတိပေး ပြောဆိုထားပါတယ်။ အင်ဒို-ပစိဖိတ် အလယ်ဗဟိုမှာ ရှိတဲ့ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ အဖြစ် ဒီလို အောက်စိုက်ထိုးဆင်းသွားခြင်းဟာ ဩစတေးလျနဲ့ ဒေသတစ်ခုလုံးအတွက် ခေါင်းလောင်းသံပဲလို့ သူက ဆိုလိုက်ပါတယ်။

“အာရှ ဗဟိုချက်မှာ နောက်ထပ် ဆီးရီယား တစ်နိုင်ငံ ကျွန်တော်တို့ မလိုချင်ပါဘူး”