ထောင်အပေါက်ဝမှာ မျှော်လင့်ချက်အပြည့်နဲ့ ခုချိန်အထိစောင့်နေကြတဲ့ မိသားစုဝင်များ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရုတ်တရက် ပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမှန်တရားဘက်ကနေ ရပ်တည်ကြတဲ့ ပြည်သူတွေက အာဏာရှင် လူတစ်စုကို ပုံစံမျိုးစုံနဲ့ တော်လှန်ခဲ့ကြပါတယ် ။ ဒီလို တော်လှန်ခဲ့ကြရာက စပြီး အပြစ်မဲ့ပြည်သူတွေ မြောက်များစွာ အယောက်စီတိုင်း ဆုံးရှုံးမှုတွေ ရှိနေခဲ့ပါတယ် ။ သားသမီးကို ဆုံးရှုံးရတဲ့ မိဘတွေ ရှိသလို မိဘကို ဆုံးရှုံးလိုက်ရတဲ့ သားသမီးတွေလည်း ရှိခဲ့ကြပါတယ် ။ ဘယ်လိုပုံစံပဲ ခွဲခွာရတာမျိုးဖြစ်ပါစေ မိသားစု အသိုက်အမြုံ လေးပြိုကွဲရတဲ့ ခံစားချက်က ကမ္ဘာပျက်သလိုပါပဲနော် ။

 

 


လူငယ်တွေကလည်း စစ်အာဏာရှင်လက်အောက်မှာ မနေနိုင်တာကြောင့် ကောင်းမွန်တဲ့ သူတို့ အနာဂတ်တွေရဖို့ တော်လှန်ရေးကြီးမှာ ပုံစံမျိုးစုံနဲ့ ဆန္ဒပြသူကပြ ၊ တော်လှန်တိုက်ခိုက်ကြသူတွေကလည်း အသက်တွေကိုရင်းကာ တိုက်ခိုက်နေကြတာပါ ။ ဒီလိုတွေ ပါဝင်ရင်း ကံဆိုးစွာ ဖမ်းဆီးထိန်းသိန်းခံရတဲ့ လူငယ်ပေါင်း များစွာလည်းရှိခဲ့ပါတယ် ။ ဒီလိုဖမ်းဆီးခံလိုက်ရတဲ့ သားသမီးအတွက် မိဘတွေ ခမျာ ဘယ်လောက် စိတ်သောက ရောက်နေကြမလည်းနော်။ သူတို့လေးတွေ ဘယ်အချိန်ပြန်လည် လွတ်မြောက်လာကြမလည်းဆိုပြီး လက်ချိုးရေရင်း နေ့ရက်တိုင်းစောင့်နေကြမှာ အမှန်ပါပဲ ။

 

အခုလည်း ယနေ့ ဇွန်လ (၂၆) ရက် စနေနေ့မှာ နိုင်ငံရေး အကျဉ်းသားများကို ပြန်လည် လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ ဒီသတင်းကြောင့် မနက် (၇) နာရီကတည်းက ထောင်အပေါက်ဝမှာ ရာနဲ့ချီပြီး လာရောက်စောင့်ဆိုင်းကြတဲ့ မိသားစုဝင်တွေ များစွာရှိနေတယ်လို့ သိရပါတယ် ။

 

ဒါပေမယ့်လည်း ခုချိန်အထိ တစ်စုံတစ်ရာ ဘာထူးခြားမှုမှ မရှိသေးဘူးလို့လည်း သိရပါတယ် ။ ပရိသတ်ကြီးအတွက် ထောင်အပေါက်ဝမှာ မျှော်လင့်ချက်အပြည့်နဲ့ ထိုင်စောင့်နေကြတဲ့ မိဘတွေရဲ့ ကြေကွဲစရာပုံရိပ်တွေကို ဝေမျှပေးရင်း ဖမ်းဆီးခံထားရသူတွေလည်း အမြန်လွတ်မြောက်ကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။