ထောင်ပေါက်ဝမှာ သမီးလေးကိုမျှော်လင့်တကြီးထိုင်စောင့်ရင်းအသက်ပေးလိုက်ရတဲ့ဖခင်တစ်ဦး

ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဒီအခြေအနေကို လူကြီး၊လူငယ်မရွေးက တတ်နိုင်တဲ့နေရာကနေ ပါဝင်အားဖြည့်ပေးခဲ့ကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိတဲ့အပြင် ၅၀၅(က)ပုဒ်မနဲ့ဖမ်းဝရမ်းထုတ်ခံရသူတွေလည်းရှိပါတယ်။မနေ့က ဇွန်လ (၃၀)ရက်နေ့မှာဆိုရင်တော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့လူကြီး၊လူငယ်တချို့ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။မိသားစုဝင်တွေကလည်း ပြန်လွှတ်မယ်လို့သတင်းကြားတာကြောင့် အမြို့မြို့၊အနယ်နယ်ရဲ့ သက်ဆိုင်ရာနေရာရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။

 

မြစ်ကြီးနားအကျဉ်းထောင်မှာလည်း ဖမ်းဆီးခံရသူတချို့ကို လွှတ်ပေးမှာဖြစ်တာကြောင့် မိသားစုဝင်တွေခမျာမျှော်လင့်တကြီးနဲ့ ရင်ခုန်ခဲ့ရတာဖြစ်ပါတယ်။ဦးလေးကြီးတစ်ယောက်ကလည်း ၅၀၅(က)ပုဒ်မနဲ့ အမှုရင်ဆိုင်နေရတဲ့ သူ့ရဲ့သမီးလေး လွှတ်မယ့်အထဲပါမလားလို့ အကျဉ်းထောင်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်းသမီးထွက်အလာကို စောင့်နေခဲ့ရှာတာဖြစ်ပါတယ်။သမီးလေးကို မျှော်လင့်တကြီးစောင့်နေခဲ့ပေမယ့် ဒီနေ့လွှတ်တဲ့အထဲပါမလာခဲ့တာကြောင့် ဖခင်ဖြစ်သူခမျာ သွေးတက်ပြီး အသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။

 

 


ညနေစောင်းတဲ့အချိန်မှာ အိမ်မှာဘဲ ကွယ်လွန်သွားတာကြောင့် မိသားစုဝင်တွေလည်း ဖြည်မဆည်နိုင်အောင်ဖြစ်ရပြီး သူ့သမီးလေးလည်းမသိသွားခဲ့ရှာတာဖြစ်ပါတယ်။သူအားကိုးပြီးချစ်ရတဲ့ သမီးလေးကို ဖခင်မေတ္တာအပြည့်နဲ့ထောင်ပေါက်ဝမှာ အချိန်အကြာကြီးစောင့်ခဲ့ပေမယ့် မလွတ်လာခဲ့တာကြောင့် စိတ်ထိခိုက်သွားရတာဖြစ်ပါတယ်။ပြန်လွတ်လာတဲ့သူတွေအတွက်လည်း အရမ်းပျော်ရွှင်ရသလို မလွတ်သေးဘဲ အထဲမှာကျန်နေခဲ့သူတွေလည်း အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ဆုတောင်းရင်း စိတ်မကောင်းစရာအဖြစ်အပျက်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။