မအလ နှင့် ဗိုလ်ချုပ်ကြီးများ၏ ကျောက်စိမ်း လောဘက စစ်အာဏာ သိမ်းမှုကို ဦးတည်စေခဲ့

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ပြတ်ပြတ်သားသား ထပ်မံအနိုင်ရရှိခဲ့မှုကြောင့် မတရား ရယူထားတဲ့ စစ် ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားတွေအပေါ် ခြိမ်းခြောက်မှုအသစ်တွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

NLD ပါတီအနေနဲ့ ၂၀၁၆ ခုနှစ် ဧပြီလမှာ အာဏာရရှိလာခဲ့ပြီးတဲ့နောက် မြန်မာပြည်မှာ ကပ်ဆိုးသဖွယ် အမြစ်တွယ်နေတဲ့ အဂတိပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားတဲ့ ခြေလှမ်းတရပ်အနေနဲ့ မြန်မာ့ကျောက်မျက် ကျောက်စိမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ခုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

 

ဒါပေမယ့်လည်း ဒီကြိုးစားမှုဟာ ပါတီရဲ့ပထမ ငါးနှစ်သက်တမ်း ကုန်ဆုံးသွားသည့်တိုင် ပြီးမြောက်အောင်မြင်မှုနဲ့ အလှမ်းဝေးကွာခဲ့တယ် လို့ အစီရင်ခံစာက ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေဟာ NLD ပါတီရဲ့ အာရုံစူးစိုက်မှုနဲ့ ဦးစားပေးဆောင် ရွက်မှု မရှိခြင်း၊ လက်ရှိအခင်းအကျင်းမှ အကျိုးအမြတ်များစွာရရှိနေတဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ ကျောက်စိမ်းလုပ်ငန်းရှင်အချို့ရဲ့ အတိုက်အခံပြုခြင်း၊ ကျောက်မျက်ရတနာ စီမံအုပ်ချုပ်ရေးအတွက် တာဝန်ရှိ အဖွဲ့အစည်းများအတွင်း ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ခဲ့ခြင်း အစရှိတဲ့ အမျိုးမျိုးသောအကြောင်းတွေကြောင့် နှောင့်နှေးကြန့်ကြာနေခဲ့ရတာပါ။

NLD ပါတီ အနေနဲ့ကတော့ ၂၀၁၆ ခုနှစ်အာဏာရပြီး မကြာမီမှာပဲ မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းမှုအနေနဲ့ ကျောက် စိမ်းလုပ်ကွက် ပါမစ်အသစ်တွေထုတ်ပေးမှုကို ရပ်ဆိုင်းခြင်းနဲ့ လက်ရှိတူးဖော်နေဆဲ ပါမစ်တွေကို ထပ်မံသက်တမ်းမတိုးပေးခြင်း စတာတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

 

ဒါကြောင့်မို့ လက်ရှိလုပ်ကိုင်နေတဲ့ ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်တွေဟာ ၂၀၂၁ ခုနှစ်မှာ နောက်ဆုံးထား သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

NLD အနေနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကို ၂၀၁၈ ခုနှစ်အတွင်း ရေးဆွဲထုတ်ပြန်ခဲ့သလို၊ ကျောက်မျက်ကျောက်စိမ်း ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ရေရှည်ပြင်ဆင်တဲ့အနေနှင့် ၂၀၁၉ ခုနှစ်အတွင်း ကျောက်မျက် ကျောက်စိမ်းဆိုင်ရာ ဥပဒေအသစ်တစ်ခုကို ပြဌာန်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကျောက်မျက်ကျောက်စိမ်း ဥပဒေရေးဆွဲတဲ့လုပ်ငန်းစဥ်မှာတော့ ပါဝင်သင့် ပါဝင်ထိုက်သူများ မပါဝင်ခဲ့သလို၊ အရပ်ဖက်အဖွဲ့အစည်းတွေထံက အကြံဉာဏ်အနည်းငယ်ကိုသာ ရယူခဲ့တဲ့အတွက်၊ အဆိုပါ ကျောက်မျက်ကျောက်စိမ်းဥပဒေမှာ လိုအပ်ချက်နဲ့ အားနည်းချက်များစွာ တွေ့ရှိရတယ် လို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

 

ဒီလို ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေဟာ အစပိုင်းမှာ အလားအလာကောင်းပေမယ့် ကြေညာထားတဲ့အတိုင်းတော့ ဖြစ်မလာခဲ့ပါဘူး။

 

ဒီအားထုတ်မှုတွေ မအောင်မြင်ခဲ့ရတဲ့ အဓိကအကြောင်းဟာ ကျောက်စိမ်းလုပ်ငန်းအပေါ် ထိန်းချုပ်ထားတဲ့ စစ်တပ်နဲ့ဦးပိုင်ကဲ့သို့ အမြစ်တွယ်နေတဲ့ အကျိုး စီးပွားပတ်သက်ဆက်နွယ်သူတွေရဲ့ ပြင်းထန်တဲ့ဆန့်ကျင်မှုတွေကြောင့် ဆိုရင် မှားမှာမဟုတ်ပါဘူး။

Global Witness ရဲ့ အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်မှာ ကျောက်စိမ်းလိုင်စင်အသစ်များ ထုတ်ပေးမှုကို ရပ်တန့်ခဲ့ခြင်းကြောင့် နေပြည်တော်က အကျင့်ပျက်ခြစားမှုတချို့ဟာ ကချင်ပြည်နယ်ရှိ ဒေသအဆင့် တာဝန်ရှိသူတွေ၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေထံကို ရွေ့လျားသွားစေခဲ့တယ် လို့ ဆိုပါတယ်။

စစ်တပ်ပိုင် ကုမ္ပဏီတွေဟာ ဒီလိုတရားမဝင် တူးဖော်ထုတ်လုပ်ခြင်းတွေကို အကူအညီပေးကြပြီး၊ သူတို့ဟာ လိုင်စင်ထုတ်ပေးမှု ရပ်ဆိုင်းထားခြင်းကို လိုက်နာဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမြေပြင်မှာလည်း သက်တမ်းကုန်ဆုံးနေပေမဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအများအပြား ဆက်လက်တူးဖော်နေတာတွေကို အမှန်တကယ်တားဆီးနိုင်ခြင်းမရှိနေတာကို ထင်ရှားစွာတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

 

စစ်တပ်ကုမ္ပဏီတွေဟာ ၎င်းတို့ထံမှာ ကျောက်စိမ်းထွက်နေတဲ့ လုပ်ကွက် မကျန်ရှိရင်တောင်မှ၊ ကျောက်စိမ်းဆက်ထွက်တဲ့ အခြားကုမ္ပဏီတွေရဲ့ သက် တမ်းကုန်လုပ်ကွက်တွေမှာ ၎င်းတို့ရဲ့ မလျော်ဩဇာသုံးပြီး အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေတာကြောင့် အကျိုးအမြတ်များစွာရရှိနေတယ် လို့ ဆိုပါတယ်။

ဒါဟာ စစ်တပ်ပိုင်ကုမ္ပဏီတွေဟာ ဥပဒေရဲ့အထက်မှာ ရှိကြောင်း ပြသနေတာလည်း ဖြစ်ပါတယ်။

ကျောက်မျက် ကျောက်စိမ်းကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ NLD အစိုးရရဲ့ ကြိုးစားမှုဟာ ပထမသက်တမ်း ၅နှစ်အတွင်းမှာ မအောင်မြင်ခဲ့ပေမဲ့၊ ၂၀၂ ၀ အထွေ ထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ထပ်မံ အနိုင်ရမှုနဲ့အတူ ဒုတိယအကြိမ် ပြန်လည်ကြိုးစားခွင့် ရရှိလာတာလည်း ဖြစ်တယ်။

ဒါဟာကျောက်စိမ်း အပါအဝင် ပြည်သူပိုင်သယံဇာတတွေကို လက် လွတ်စပယ် ခိုးယူနေတဲ့ စစ်ဗိုလ်ချုပ်များအတွက်တော့ အိမ်မက်ဆိုးကို ထပ်မံမြင်မက်စေတာလည်း ဖြစ်ပါတယ်.။

ဒါကြောင့် စစ်တပ်ဟာ NLD ကိုနောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းပေးမယ့်အစား၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ NLD ပါတီ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာကိုသိမ်းခြင်းဖြင့် တိုင်းပြည်ပျက်သုန်းစေမဲ့ အမှောင်လမ်းကို မိုက်မဲစွာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

သူတို့ဟာ သက်တမ်းကုန်ဆုံးနေတဲ့ လုပ်ကွက်တွေအတွင်း ကျောက်စိမ်း တူးဖော်ခွင့်ရဖို့ ကုမ္ပဏီတွေဆီက ကျောက်စိမ်းထုတ်လုပ်မှုရဲ့ ၂၅ ရာခိုင်နှုန်းကို စည်းကြပ်ငွေအဖြစ် ကောက်ခံခဲ့တယ် လို့ Global Witness အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါဟာ အလွန်ကြီးမားတဲ့ အာဏာအလွဲသုံးစားမှုတစ်ခုဖြစ်ပြီး၊ ဒီလို အကြမ်း ဖက်စစ်တပ်ရဲ့ အကျင့်ပျက်ခြစားမှုတွေဟာ ၂၀၁၆ နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာတယ် လို့ ဆိုပါတယ်။

 

ဒါ့အပြင် သူဟာ ကျောက်စိမ်း ကုမ္ပဏီတွေဆီက ကျပ်သိန်း ၁၀၀ နဲ့ ၂၀၀ အကြား ငွေကြေးတွေကို လစဥ် ဗြောင်ကျကျ လာဘ်စားပြီး အာဏာကို အလွဲသုံးစား ပြုလုပ်ခဲ့ပါတယ်။

ဒီလို အရှက်မရှိစွာနဲ့ ပြည်သူ့ဘဏ္ဍာတွေကို အာဏာအသုံးပြု ခိုးယူခဲ့တဲ့ စစ်အရာရှိနှစ်ဦးကို အကြမ်းဖက်စစ်တပ်က ကျော်ဇောမှုဖြင့် အရန်တပ်ဖွဲ့တွေထံ ရွှေ့ပြောင်းခဲ့ပေမယ့် တစ်စုံတရာ ထပ်မံအရေးယူမှုရှိခဲ့ပါဘူး။ “ ဒါဟာ မထူးဆန်းပါဘူး။

စစ်တပ်ထဲက ဗိုလ်ချုပ်တွေအားလုံးဟာ လဘ်စားတဲ့နေရာမှာ ပုလင်းတူ ဗူးဆို့တွေမို့ အဂတိကြောင့် အရေးယူမှု မရှိဘူးဆိုတာ အရမ်းရှင်းပါတယ်” လို့ စစ်တပ်ရဲ့ စီးပွားရေးတွေကို လေ့လာနေတဲ့ သုသေသီတစ်ဦးက ပြောပါတယ်။

“ အခု ကျောက်စိမ်း လိုင်စင်အများစုက သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ MEC နဲ့ ဦးပိုင် (MEHL) တို့လောက်သာ ဆက်ပြီး တူးရဲတော့တာ” လို့ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးက ဆိုပါတယ်။ လက်ဝါးကြီးအုပ် ထိမ်းချုပ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

ဦးပိုင်လီမိတက် (MEHL) ဟာ မြန်မာနိုင်ငံရှိ အခြားမည်သည့်အဖွဲ့အစည်းထက်မဆို သိသာထင်ရှားစွာ များပြားလှတဲ့ တူးဖော်ခွင့်ပါမစ်တွေနဲ့ အခွင့်ထူးတွေကို ရရှိ‌နေတာလည်းဖြစ်ပါတယ်။ အရည်အသွေးမြင့်ကျောက်စိမ်းတွေထွက်တဲ့ အကောင်းဆုံး လုပ်ကွက်တွေရဲ့ ပါမစ်တွေက သူတို့လက်ထဲမှာပဲ ရှိတယ် လို့ဆိုပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ကျောက်စိမ်းလိုင်စင် အသစ်ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့စဥ်ကပင်၊ ဦးပိုင်လီမိတက်(MEHL) ဟာ ကျောက်စိမ်းတူးဖော်ရေး လိုင်စင်ပေါင်း ၆၀၀ နဲ့ ပတ္တမြားတူးဖော်ရေးလိုင်စင်ပေါင်း ၅၀၀ တို့ကို လက်အောက်ခံကုမ္ပဏီတွေက တစ်ဆင့် ပိုင်ဆိုင်ထားပြီးဖြစ်နေပါတယ်။

 

ဦးပိုင်လီမိတက် (MEHL) ဟာ ကျောက်စိမ်းတွင်းတွေကို အမှန်တကယ်လုပ်ကိုင်ခြင်းမရှိဘဲ၊ မလျှော်ဩဇာသုံးကာ သက်တမ်းကုန်ကျောက်စိမ်းကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်းမှုတွေလုပ်ဆောင်ခဲ့တယ် လို့လည်း ဆိုပါတယ်။

“ အခု ကျောက်စိမ်း လိုင်စင်အများစုက သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ MEC နဲ့ ဦးပိုင် (MEHL) တို့လောက်သာ ဆက်ပြီး ခိုးတူးရဲတော့တာ” လို့ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးက ဆိုပါတယ်။

ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းထဲသို့ နောက်ဆုံးဒိုင်ဗင်ထိုး ဝင်လာသူကတော့ လက်ရှိ နိုင်ငံရဲ့အာဏာကို မတရားသိမ်းယူထားတဲ့မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပဲဖြစ်ပါတယ်။

 

အခုလို ကျောက်စိမ်းလုပ်ငန်းဟာ ယခင်ကထက် အကျင့်ပျက် ချစားမှုတွေ များပြားလာတဲ့အတွက်၊ ဒါတွေဟာ အာဏာသိမ်း မင်းအောင်လှိုင်ရဲ့ မိသားစုအပါအဝင် စစ်တပ်အသိုင်းအဝိုင်းရဲ့ ဘဏ္ဍာတိုက်သဖွယ်ဖြစ်လာတယ် လို့လည်း Global Witness အဖွဲ့က ပြောလိုက်ပါတယ်။

 

 

မင်းအောင်လှိုင်သား အောင်ပြည့်စုံဟာ ဖားကန့်မှာ လိုင်စင်အသစ်ထုတ်ပေးမှု ရပ်ဆိုင်းသွားတဲ့အချိန်က စတင်ပြီး၊ တရားမဝင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ဖို့တွေမှာ ပူးပေါင်းပါဝင်ခဲ့ပြီး အကျိုးအမြတ်များစွာလည်း ရရှိခဲ့တယ်လို့ စစ်တပ်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့သတင်းရင်းမြစ်တခုကို ကိုးကားလျက် Global Witness အဖွဲ့ကြီးက ၄င်းတို့ရဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

အဆိုပါ ရင်းမြစ်ကပဲ ၎င်းအနေနဲ့ မင်းအောင်လှိုင်ရဲ့ သားဖြစ်သူထံလာဘ်ထိုးထားတဲ့ ငွေတွေပေးခဲ့တဲ့အကြောင်းကို ၂၀၁၈ ခုနှစ်မှာ ရာထူးချခံခဲ့ရတဲ့ မြောက်ပိုင်းတိုင်း တိုင်းမှူး ညီညီဆွေထံက သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားသမီးများဖြစ်တဲ့ အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့ဟာ ဖခင် တပ်ချုပ်အာဏာရပြီးနောက်ပိုင်း အချိန်တိုအတွင်း ကုမ္ပဏီအမြောက်အများထူထောင်ထားကာ ဆောက်လုပ်ရေး၊ အာမခံလုပ်ငန်း၊ ဆေးရုံ၊ စားသောက်ဆိုင်အပါအဝင် ရုပ်ရှင်ထုတ်လုပ်ရေးအထိ လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေတာပါ။

“မင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူးရသွားပြီး ကတည်းက ဖုံးမရ ဖိမရပေါ်လာတာကတော့ သူ့ရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေပဲဖြစ်တယ်။ သူဟာ သမတရူး ရူးနေသူတဦးဖြစ်ပြီး၊ အဲ့အတွက် ဘာမဆိုလုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးသား။ စီးပွားရေးဖက်ကိုတော့ သူ့သား သမီးတွေကို ရှိသမျှအခွင့်အရေးတွေပေးပြီး လုပ်စေတာ။ အခု သူ့ သား သမီးတွေက ဖားကန့်က ကျောက်စိမ်း မပြောနဲ့၊ ရသမျှ အခွင့်အရေးတွေယူပြီး စီးပွားရေးတွေလုပ်တာ၊ အခုဆို နိုင်ငံခြားက လက်နက်မှောင်ခိုတွေနဲ့ ပေါင်းပြီး လက်နက်တင်သွင်းဖို့တောင် လုပ်နေပြီ” လို့ စစ်တပ်ရဲ့ စီးပွားရေးတွေကို တစိုက်မတ်မတ်လေ့လာနေတဲ့ သုသေသီက ထပ်ပြောပါတယ်။

ကျောက်စိမ်းထွက်ရှိမှုရဲ့ ၇၀ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်း ဟာ မှောင်ခိုစျေးကွက်ကတဆင့် တရုတ်ပြည်ကို တရားမဝင်ရောင်းချနေတာပါ။

အထူးသဖြင့် မြန်မာနိုင်ငံကထွက်တဲ့ အရည်အသွေးမြင့် ကျောက်စိမ်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံကို တိုက်ရိုက်မှောင်ခိုတင်ပို့တာဖြစ်ပြီး၊ အရည်အသွေးနိမ့်တဲ့ ကျောက်စိမ်းတွေကိုသာ ပြပွဲတွေမှာ ရောင်းချတာပါ။

 

အချုပ်အားဖြင့် အာဏာသိမ်းမှုက ဖားကန့်ရှိ အခြေအနေတွေကို ပိုမို ဆိုးရွားလာစေနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကာင်စီဟာ ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်အသစ် တွေကိုချပေးဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။