စစ်အုပ်စုတပ်တွေ ဝင်မွှေလို့ ဖက္ခတ်ရွာသူ ကိုယ်ဝန်ဆောင်သည်ကြီးခမျာ

စစ်ကောင်စီတပ်ရန်ကြောင့် တောထဲထွက်ပြေးတိမ်းရှောင်နေရသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် ဖက္ခတ်ကျေးရွာနေ ကိုယ်ဝန်ဆောင်တစ်ဦးသည် တောထဲမှာပင် ကလေးမွေးဖွားခဲ့ရသည်။

 

မင်းကင်းမြို့နှင့်မျက်နှာချင်းဆိုင်ဘက်အရပ်ရှိ ဖက္ခတ်ရွာခံ အသက် ၃၀ ကျော်အရွယ် နှမ်းမြေပဲစိုက်တောင်သူမသည် သမီးမိန်းကလေးမွေးဖွားခဲ့ကာ ကလေးကော မိခင်ပါ ကျန်းမာရေးကောင်းကြသည်။

ဇူလိုင်လ ၁ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် နယ်မြေရှင်းလင်းရေးဟူသည့် အကြောင်းပြချက်ဖြင့် စစ်သည်တင်ကားကြီး သုံးစီး၊ ဆိုင်ကယ် ၁၄ စီး၊ အရပ်ဝတ်ပျူစောထီးအဖွဲ့များနှင့်အတူ စစ်သားများရောက်လာ၍ ကိုယ်ဝန်ဆောင်သည်သုံးဦးအပါအဝင် ရွာသားများ နီးစပ်ရာတောထဲတိမ်းရှောင်ခဲ့ကြရသည်။

 

“ဗိုက်ကြီးသည်တွေတော်တော်ဒုက္ခရောက်တယ်ရှင်၊ တစ်ယောက်ဆိုရင် ဒီတိုင်းဝိုင်းဝန်းပြီးမွေးပေးလိုက်ကြရတာ၊ ကျန်းမာရေးဆရာမလဲမရှိ၊ မလုပ်တတ်လုပ်တတ်နဲ့ မွေးကြရတာ၊ တော်သေးတာပေါ့ ကလေးရောလူကြီးပါအသက်ရှင်လို့၊ ရေကလဲရှား၊ ခြင်တွေလဲပေါတော့ တော်တော်မလွယ်ဘူးရှင်” ဟု ပက္ခတ်ရွာသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

အိမ်ခြေ ၈၀ ခန့်ရှိသည့် ကျေးရွာတွင် စစ်ကောင်စီတပ်များ တစ်ညအိပ် နှစ်ရက် နေထိုင်ပြီး နွားတစ်ကောင်နှင့် ကြက်များအား ယူငင်စားကာ ဆန်၊ဆီများယူသွားကြောင်း ဒေသခံကများက ပြောသည်။

“မနက်အစောပိုင်းက လာကြတာဗျ၊ အင်အား ၁၀၀ လောက်နဲ့လာကြတာ၊ ပျူစောထီးတွေပါပါတယ်၊ ကျွန်တော်တို့ လှမ်းမြင်ရတာ အရပ်ဝတ်တွေမှာလည်း လက်နက်တွေနဲ့ ကျွန်တော်တို့ဘက်မှာ ပျူစောထီးအဖွဲ့တွေလည်းရှိတယ်၊ ရွာအနီးအနားရောက်တော့ ဒိုင်းညောင့်တွေ တအားဖောက်ကြတာ ကျွန်တော်တို့လည်း အကုန်ပြေးကြရတာ” ဟု အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

 

ယခုလိုစစ်သားများ မဖိတ်ခေါ်ဘဲရောက်လာမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်က ဇွန်လ ၂၇ ရက်နေ့ကဖြစ်သည်။

တိုက်ပွဲအပြီး ကျေးရွာတွင်းသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်မွှေနှောက်ကာ ရွာသား ငါးဦးကို ရိုက်နှက်ပြီး ဆိုင်ကယ် သုံးစီးယူသွားခဲ့သည်။

 

စစ်ကောင်စီတပ်သားများ မကြာခဏ ဝင်ရောက်မွှေနှောက်မှုက ဖက္ခတ်ကျေးရွာအနီးဝန်းကျင်မှ ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသလို အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများလိုအပ်မှုများဖြစ်ပေါ်နေသည်။