လူသားတွေကို သဘာ၀တရားကြီးက ရက်စက်လိုက်ပြန်ပြီ

ဂျပန်နိုင်ငံ အလယ်ပိုင်း အတ်တာမီမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၀ ဦးထက်မနည်း ပျောက်ဆုံးကာ စနေနေ့(ဇူလိုင် ၃) မှာ စစ်တပ်က အရေးပေါ်ကယ်ဆယ်ရေးတပ်သားတွေ စေလွှတ်ထားတယ်လို့ NHK သတင်းဌာနက ထုတ်လွှင့်ပါတယ်။

 

ယခုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ရာ အရေးပေါ် လုပ်ငန်းအဖွဲ့တစ်ခု ခေါ်ယူထားတယ်လို့ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒီ ဆူဂါက ပြောဆိုကြောင်း NHK က ဆက်လက် ဖော်ပြခဲ့ပြီး ရေကြီးမှုတွေအတွင်း လူနေအိမ်တွေ ပျက်စီးခဲ့ကာ အကျိုးအပဲ့အပိုင်းအစ မျောပါနေခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း ဖော်ပြခဲ့ပါတယ်။

 

လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ပုံတွေအရ ကားတွေ တစ်ဝက်တစ်ပျက် ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးသမားတွေဟာ အသက်ကယ်ဖောင်ငယ်လေးတစ်ခုနဲ့ ခါးလောက်ရှိတဲ့ ရေပြင်မှာ လှည့်လည်သွားလာနေခဲ့တာ တွေ့ရပါတယ်။

 

အတ်တာမီမြို့မှာ သောကြာနေ့က စတင်ရွာသွန်းခဲ့တဲ့ မိုးဟာ ယင်းမြို့ရှိရာ ရှီဇူအိုကာ စီရင်စုနဲ့ အိမ်နီးချင်း ကန်နာဂါဝါ စီရင်စုတွေမှာ ဇူလိုင်လအတွင်း ရွာသွန်းခဲ့တဲ့ ပျှမ်းမျှမိုးရေချိန်ကို ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း NHK က ဆိုပါတယ်။