ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော ၅၀၅ (ခ) အမှု အယူခံတက်မှု ချက်ချင်း ပယ်ချလိုက်တဲ့ ရှေ့နေအဖွဲ့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အမှုတွင် တရားလို ဖြစ်သူ အကြမ်းဖက် စစ်ကောင်စီက တင်ပြခဲ့သည့် သက်သေခံ စာရွက် ၂ ရွက်ကို လက်မခံကြောင်း ရှေ့နေအဖွဲ့၏ ကန့် ကွက်ချက်ကို မြို့နယ်တရားရုံးက ပယ်ချခဲ့သဖြင့် ယနေ့ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားရုံးသို့ ဆက်လက် တင်ပြခဲ့သော် လည်း ချက်ချင်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

 

တရားလိုဘက်က တင်သွင်းသည့် သက်သေခံစာရွက်နှစ်ရွက်တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးပြီး ပြင်ပနှင့် အဆက်အသွယ် ပြတ်နေချိန်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နှင့် ၁၃ ရက်နေ့များက NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟုဆိုကာ ထွက်ပေါ်ခဲ့သည့် ကြေညာချက်နှစ်စောင်တွင် ၎င်းတို့ နှစ်ဦးလည်း တာဝန်ရှိသည်ဟုဆိုကာ တရားစွဲ အရေးယူထားခြင်း ဖြစ်ကြောင်း ရှေ့နေများက ပြောသည်။

 

“အကြောင်းကြားစာနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး သက်သေခံ တင်သွင်းခွင့် ပြုကြောင်း ချမှတ်ခဲ့တဲ့ အမိန့်အပေါ်မှာ ၂၀၂၁ ခုနှစ်၊ ရာဇဝတ်ပြင်ဆင်မှုအမိန့်နဲ့ တင်တယ်။ အကျဉ်းနည်းနဲ့ ခရိုင်တရားရုံးကနေ ပလပ်ပါတယ်”ဟု ရှေ့နေ ဒေါ်မင်းမင်းစိုးက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ယနေ့ နေပြည်တော်ကောင်စီထဲတွင် ပြုလုပ်သည့် ရုံးချိန်းတွင် သမ္မတ ဦးဝင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆို ထားသော အမှုများအနက် သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနှင့် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မများ အတွက် တရားလိုဘက်မှ လူ ၇ ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

“အမေက ကျန်းမာတယ်။ ခါတိုင်းလို အနေအထားပဲ။ အရင်အတိုင်းပဲ အမှုတွေကို အခုချိန်အထိ စိတ်ပါလက်ပါနဲ့ မေးပါ တယ်။ သူဖြစ်ချင်တာ ပြောပါတယ်”ဟု ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

 

 

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းများကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တိုင်း ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သိရှိရသည်။