ရဲဘော်တွေလုံခြုံဖို့အတွက် အသေခံကာကွယ်ပေးသွားတဲ့ ဗိုလ်ကြီးဒူဝါနော်ထွန်းအောင်ရဲ့ ရင်နာစရာ ငယ်ဘဝ

ပြည်သူလူထုကတော့ ကိုဗစ်ကူးစက်ရောဂါကို တိုက်ထုတ်နေရချိန်မှာ တချို့ဒေသလေးတွေမှာလည်း အပစ်အခတ်တွေရှိနေသေးတာဖြစ်ပါတယ်။ဇူလိုင်လ (၉)ရက်နေ့၊ညနေ (၆)နာရီ အထိ KIA နဲ့ PDF တွေပူးပေါင်းပြီး ရွှေကူ၊မြို့သစ်တိုက်ပွဲကို ခုခံခဲ့တာကြောင့် တစ်ဖက်အဖွဲ့အစည်းဘက်မှ အယောက် (၇၀)ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။KIA နဲ့ PDF ဘက်မှလည်း (၆)ဦးကျဆုံးပြီး (၁၁)ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။KIA မှ ဗိုလ်ကြီးဒူဝါနော်ထွန်းအောင်ကတော့ လေကြောင်းပစ်ခတ်မှုကိုခံနေရတဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရန်ကြိုးစားနေစဉ် ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

KIAဗိုလ်ကြီးဒူဝါနော်ထွန်းအောင်က သူ့ရဲ့ငယ်ဘဝအမှတ်တရလေးတွေကိုလည်း ရေးသားပြောပြခဲ့သေးတာဖြစ်ပါတယ်။သူ့ရဲ့မိဘနှစ်ပါးကတော့ တောင်ယာအလုပ်ကိုလုပ်ကိုင်ကြတာဖြစ်လို့ မနက်ကတည်းက တောင်ယာထဲသွားနေကြတာဖြစ်ပါတယ်။မိဘနှစ်ပါးမရှိတဲ့အချိန်မှာ သူက အစ်မနဲ့အတူ အိမ်မှာနေခဲ့တာဖြစ်ပါတယ်။မိဘနှစ်ပါးကလည်း တောင်ယာထဲသွားရင် အနည်းဆုံး(၃)ရက်လောက်ကြာတတ်တာဖြစ်ပါတယ်။တစ်နေ့မှာတော့ အဖေနဲ့အမေတောင်ယာထဲသွားလို့ သူတို့မောင်နှမတွေပဲ ကျန်နေခဲ့ချိန်မှာ ညသန်းခေါင်ယံရောက်တော့ သူတို့ဘဝအတွက်ကံဆိုးမိုးမှောင်ကျခဲ့တယ်လို့ စာထဲမှာရေးသားထားတာဖြစ်ပါတယ်။

 

သန်းခေါင်ယံ ည(၂)နာရီလောက်အချိန်မှာ အေးချမ်းသာယာတဲ့ သူတို့ရဲ့တောင်ပေါ်ဒေသလေးကို မြန်မာတပ်မတော်က ထိုးစစ်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ KIA နဲ့တိုက်ပွဲတွေဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။တစ်ရွာလုံးထွက်ပြေးကြတာကြောင့် သူတို့မောင်နှမတွေလည်း အရမ်းကိုကြောက်ရွံ့တုန်လှုပ်ခဲ့ရပြီး ဘယ်ပြေးရမှန်းမသိလို့ထိုင်ငိုခဲ့ရတာဖြစ်ပါတယ်။သူတို့မောင်နှမတွေကို ဝမ်းကွဲအစ်ကိုက လက်ကိုဆွဲခေါ်ပြီး ပြေးခဲ့တာကြောင့် စစ်ရှောင်စခန်းတစ်ခုကိုရောက်ခဲ့တာဖြစ်ပါတယ်။စစ်ရှောင်စခန်းတွေမှာပဲနေထိုင်ရင်း ကြီးပြင်းလာတဲ့ ဗိုလ်ကြီးဒူဝါနော်ထွန်းအောင်ကတော့ အခုချိန်မှာ အနာဂတ်နိုင်ငံတော်အတွက် အသက်ကိုပေးလှူသွားခဲ့တာဖြစ်လို့ သူ့ရဲ့ငယ်ဘဝအကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။