စစ်ကောင်စီရဲ့ ဓ ာ း စာခံအဖြစ် ဖမ်းဆီးခြင်းခံလိုက်ရတဲ့ သနားစရာ မြေးအဖွားနှစ်ယောက်ရဲ့အဖြစ်

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်၊ ပြင်ကြီးကျေးရွာတွင် ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်း ဆန္ဒပြသူ ဦးကံဝင်းကို စစ်ကောင်စီက လာရောက် ဖမ်းဆီးရာတွင် မမိ၍ တူဖြစ်သူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူ အသက် ၆၈ နှစ် အရွယ် အဖွားတို့ကို ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

 

၎င်းတို့နှင့် အတူ နေထိုင်သူ ဦးကံဝင်းအား ဆန္ဒပြသည်ဟုဆိုကာ ၎င်း၏နေအိမ်တွင် အကြိမ်ကြိမ်လာရောက်ရှာဖွေရာ ထွက်ပြေးလွတ်မြောက်နေသဖြင့် ဦးကံဝင်း၏ မိခင်ဖြစ်သူနှင့် တူဖြစ်သူတို့အား ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အမေကအသက်ကြီးပြီး ဆီးချိုရှိတယ်၊ သွေးချိုလည်းရှိတယ်၊ ရောဂါဖောက်လာမှာလည်စိုးတယ်။ သားဖြစ်သူအတွက်ကတော့ ယူကြုံးမရဖြစ်တာပေါ့ဟု” ဟု ၎င်းကဆိုသည်။

 

အဆိုပါ အရွယ်မရောက်သေးသူ မောင်ဇေမျိုးဆက်နှင့် ‌သက်ကြီးရွယ်အိုဖြစ်သူ ဒေါ်စောကြည်တို့ နှစ်ဦးအား လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းတွင် ဇူလိုင်လ ၆ ရက်နေ့မှစ၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း မိသားစုဝင်များကပြောသည်။

 

ထိုသို့ဝင်ရောက်ဖမ်းဆီးခဲ့ရာတွင် နေအိမ်ရှိ အိမ်သုံးပရိဘောဂပစ္စည်းများကိုလည်း ဖျက်ဆီးကာ ရှာဖွေသွားကြောင်း ဓာတ်ပုံမှတ်တမ်း များအရ သိရသည်။

သက်ကြီးရွယ်အိုဆိုသည်မှာ သယ်ကြီးရွယ်အိုဆိုင်ရာဥပဒေ၊ အခန်း ၁ ပုဒ်မ ၂ ပုဒ်မခွဲငယ် (က)တွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကို ဆိုလိုသည်ဟုဖော်ပြထားပြီး ကလေးသူငယ်ဆိုသည်မှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အခန်း ၁ ပုဒ်မ ၃ ပုဒ်မခွဲငယ် (ခ) တွင် အသက် ၁၈ နှစ်မပြည့်သေးသူကို ဆိုလိုသည်ဟုဖော်ပြထားသည်။