အမေစုနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေအပေါ်မတွေဝေကြဖို့ ချက်ကျလက်ကျပြောလိုက်တဲ့

ဒီရက်ပိုင်း ထူးခြားတဲ့ သတင်း ၂ ခု ဆက်တိုက် တက်လာတယ်။ တနေ့က ဗိုလ်ချုပ်ရာပြည့်နဲ့ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတယ်။

 

ဒီနေ့ထပ်ပြီး တက်လာတာက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့တယ်လို့ ထပ်ဆိုပြန်တယ်။ ၁၉၈၈ ခုနှစ်ကတည်းက ဒီလိုအကွက်တွေကို စစ်ခေါင်းဆောင်တွေ အဆက်ဆက် ကျင့်သုံးလာခဲ့တာ မရိုးမအီနိုင်သေးဘူး။ ဒါမျိုးတွေ ကိုယ်တွေအတွက် ရိုးအီနေလွန်းလို့ သနားတယ်လို့ ဆိုလိုက်ပါရစေ။

 

ဒါက ပြည်တွင်း၊ ပြည်ပကို အာရုံလွှဲဖို့ ကြိုးစားတဲ့ ဟန်ပြသတင်းဖောက်ထုတ်မှု သက်သက်၊ အချိန်ဆွဲ နည်းဗျူဟာတစ်ခုမျှသာဖြစ်တယ်။ ဒီတော့ ဒီအပေါ် တွေဝေနေစရာမလို။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ လူထုရဲ့အသံက မိုးသို့ဟိန်းညံနေတယ်ဆိုတာလည်း သတိထားဖို့လိုမယ်။

အားလုံးကို သတိရှိစေချင်တဲ့ အဓိက အချက်တစ်ခုကို ပြောပါ့မယ်။ စစ်အာဏာသိမ်းတဲ့နေ့က ဦးဝင်းထိန်ရဲ့အသက်နဲ့ရင်းပြီး အာမခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားထုတ်ပြန်ချက်ဆိုတာ သေချာ ပြန်ဖတ်ကြည့်ကြပါ။

“တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝ လက်မခံပဲ တခဲနက် ဆန့်ကျင်တုံ့ပြန်ကြပါရန် တိုက်တွန်းလိုက်ပါသည်။ ပြည်သူသာလျှင် အဓိက ဖြစ်ပါသည်။”

” အောင်ဆန်းစုကြည်”

 

ဒီ အစာ အသွားအလာကို သေချာ နားလည်ကြရင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံတယ်ဆိုတဲ့သတင်းတွေအပေါ် တွေဝေ စရာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးပါရစေ။

ဒါတွေ ဘာကြောင့် လုပ်လာနေလဲဆိုတာ ပြန်ကြည့်စေချင်တယ်။

စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ဟာ သူ့ကိုယ်ကျိုးစီးပွားနဲ့ သမ္မတ ဖြစ်ချင်လွန်းတဲ့သူ့မိုက်ရူးရဲ အိပ်မက်ကို အကောင် အထည်ဖော်ဖို့ အာဏာသိမ်းလိုက်တာ တချိန်က စစ်ဗိုလ်ချုပ်ဟောင်းတွေ ၁၄ နှစ်ကျော် အချိန်ဆွဲပြီး ရေးခဲ့တဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို အကာအကွယ်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပျက်သွားတဲ့အထိ နိုင်ငံရေး ကစင့်ကလျား ဖြစ်ခဲ့ရပြီ။

 

ဒီတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေလည်း သူတို့ ကိုယ်ပိုင်စီးပွားရေးတွေ အတော်ထိခိုက်ကုန်ကြပြီ။ တပ်တွင်းက အောက်ခြေ အရာရှိ၊ အရာခံ အကြပ်တပ်သားတွေလည်း လူထုရဲ့အမုန်းကို ခါးသည်းစွာ ရင်ဝယ်ပိုက်ရင်း အကြောက်တရားတွေနဲ့ နေ့မအိပ်ရ၊ ညမအိပ်ရဖြစ်ကုန်ရပြီ။

အခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ NUG & CRPH၊ နိုင်ငံရေးအင်အားစုတွေဟာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ လူတစ်စုရဲ့အကွက်တွေကို ကြိုသိနေလို့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပဋိညာဉ်ရေးဆွဲပြီး စစ်အာဏာရှင်နဲ့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အကာအကွယ်ပေးနေခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ပစ်ခဲ့တာ။

 

၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပစ်ပြီးနောက်မှာ နိုင်ငံတကာ က အသိအမှတ်ပြုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ် အရ ဖြစ်ပေါ်လာတဲ့ CRPH ကနေ တစ်ဆင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီအတွင်း တိုင်ပင်ဆွေးနွေးပြီး အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဆိုတာ ဖွဲ့စည်းတာဝန်ပေးခဲ့တာ။

ဒါကို တိုင်းရင်းသားခေါင်းဆောင်တွေလည်း အသိအမှတ်ပြု ပူးပေါင်းပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေးတွေအတွက် အတူလက်တွဲကာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ဖျက်ချေမှုန်းလာနေကြတယ်။

ဒီလိုအခြေအနေမှာ ထူးခြားတဲ့ ဖြစ်စဉ်တချို့နဲ့ စစ်ကောင်စီအတွက် မထင်မှတ်ထားတဲ့ လူထုဘက်က တုံ့ပြန်မှုတွေ ဆက်တိုက်ပေါ်ထွက်လာခဲ့တယ်။ စစ်ကောင်စီဟာ လူမဆန်စွာ ရက်ရက်စက်စက်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ်သတ်ဖြန်မှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အလျိုအလျိုပေါ်ထွက်လာပြီး လက်တုံ့ပြန်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတယ်။

ဒီတော့လည်း တပ်က ပျက်ပြီး တပ်နဲ့ ရဲ အသိုင်းအဝိုင်း၊ အုပ်ကြီး အသိုင်းအဝိုင်းတွေပါ သွေးပျက်ကုန်ကြတယ်။ တပြိုင်တည်း နိုင်ငံတကာ သံတမန်ရေးဖက်မှာလည်း ဆက်တိုက်အရေးနိမ့်လာတော့ ထွက်ပေါက်တွေ အရေးပေါ်ကြံရဖန်ရ နည်းဟောင်းတွေ သုံးရတယ်။

ဒါမျိုးတွေ ရိုးနေပြီကွာလို့ပြောပါရစေ။ တွေဝေစရာ မလို၊ ပြည်သူတွေ မတွေဝေဘူးဆိုတာ ယုံကြည်ပြီးသား။

လေးစားတန်ဘိုးထားလျှက်