စစ်ကောင်စီက ကိုဗစ်ကို လ က် နက် အဖြစ် သုံးပြီး တရားဝင်မှု ရရှိရေး လုပ်ဆောင်နေ

 

အမျိုးသားညီညွတ်ရေးအစိုးရNUG ၊ CDM လှုပ်ရှားသူများ ၊ တိုင်းရင်းသားအဖွဲ့များ၊ CSO များအပါအဝင် ဒီမိုကရေစီ အရေးလှုပ်ရှားသူများက ပြည်သူသန်းပေါင်းများစွာကို ကူညီနိုင်ရေး ကြိုးပမ်းလျက်ရှိပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း၊ ၎င်းတို့ကို ကူညီရန် SAC-M က ထုတ်ပြန်ပြောဆိုထားသည်

 

” ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ကိုဗစ်ကို လွတ်လွတ်လပ်လပ်ကူးစက်နိုင်အောင် ခွင့်ပြုထားတယ်။ စစ်ကောင်စီအနေနဲ့ အစိုးရ ဖွဲ့စည်းပုံ ထူထောင်လို့ မရသေးသလို အစိုးရလုပ်ငန်းတွေလည်း လုပ်လို့မရသေးပါဘူး။ ကိုဗစ်အကျပ်အတည်းကို ဖြေရှင်းဖို့ရာကတော့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေနဲ့ အတူ လုပ်ဆောင်ရမှာပါ” ဟု SAC-M မှ Chris Sidoti က ပြောသည်။

 

ဆေးဘက်ဆိုင်ရာ ဆရာဝန်များအပါအဝင် လူပေါင်း ရာပေါင်းများစွာသည် စစ်ကောင်စီ၏ ဖြိုခွင်း ဖမ်းဆီးနှိပ်စက် မှုများကြောင့် နယ်စပ်ဒေသများနှင့် တောထဲသို့ ထွက်ပြေးလာရပြီး ဆေးကုသခန်းများ လျှို့ဝှက်စွာ ဖွင့်လှစ် လုပ်ကိုင်နေကြရကြောင်း ဖော်ပြထားသည်။

မြောက်ပိုင်းတွင် ကချင်ပြည်နယ်၊ အရှေ့ပိုင်းတွင် ကရင်ပြည်နှင့် ကရင်နီ ပြည်နယ်၊ အနောက်ပိုင်းတွင် ချင်းပြည်နယ်တို့မှတစ်ဆင့် အရေးပေါ် အ ထောက် အကူပြု လမ်းကြောင်း ဖွင့်လှစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တိုင်းရင်းသားများ၏ အုပ်ချုပ်မှု အဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းများ၏ ကွန်ရက်များမှတစ်ဆင့် မြန်မာပြည်သူများအတွက် ပံ့ပိုး ကူညီရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

 

စစ်အာဏာသိမ်းစဉ်က စစ်ကောင်စီသည် ဆရာဝန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ လူနာတင်ကားများ၊ ဆေးခန်းများ၊ စေတနာ့ဝန်ထမ်းများကို တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ဆေးရုံများနှင့် ဆေးပစ္စည်းများကို သိမ်းပိုက်ခြင်းများ လုပ်ဆောင်ကြောင်း၊ ယခုအခါ အောက်စီဂျင်အိုးများကို သိမ်းပိုက်ပြီး အောက်စီဂျင်စက်ရုံများကိုလည်း ပိတ်ပင်နေကြောင်း ထုတ်ပြန်သည်။

 

“စစ်ကောင်စီက ကိုဗစ်ကို လက်နက်အဖြစ် သုံးနေတယ်။ ဒီလို သုံးနေတာက သူရဲ့ နိုင်ငံရေး ရလိုမှုနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ပျက်ပြယ်စေဖို့ပါပဲ။ နိုင်ငံတကာ တရား ၀ င်အသိအမှတ်ပြုဖို့ အတွက် ဒီလို ဘေးအကျပ်အတည်းကို ဖန်တီးပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိလာအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။