ရန်ကုန်မှာ ဒရုန်းပျံပြီးနောက်ပိုင်း တိမ်ပုံစံ အငွေ့များပျံနှံ့နေလို့ ဒေသခံများ ထိတ်လန့်ခဲ့ရ

ရန်ကုန်တိုင်းအတွင်းက မင်္ဂလာတောင်ညွန့်၊ တာမွေနဲ့ ပန်းဘဲတန်းစတဲ့ မြို့နယ်အချို့မှာ ဇူလိုင်လ ၁၇ ရက်နေ့ညပိုင်းက မြူခိုးပုံစံနဲ့တူနဲ့ တိမ်ပုံစံ အငွေ့တွေ တိုက်အပေါ်တွေရောက်လာလို့ ဒေသခံတွေထိတ်လန့်နေရတယ်လို့ သိရပါတယ်။

 

မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက သိမ်းဖြူကွင်းဘက်ခြမ်းနဲ့ တာမွေမြို့နယ်ထဲက မအူကုန်းရပ်ကွက်ဘက်မှာ ဇူလိုင်လ၁၇ ရက် ညပိုင်းက ဒရုန်းတက်သွားပြီးနောက်ပိုင်း ခုလို တိမ်ပုံစံမြူခိုးတွေကို တွေ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

 

” ဒရုန်းတွေပျံပြီးသိပ်မကြာဘူး ခုလိုတွေ တွေ့ရတာ တိမ်ပုံစံပဲ မြူခိုးငွေ့တွေလိုဖြစ်နေတာ တိမ်ဆိုရင်တော့ ဒီလိုမနီးနိုင်ဘူးလေ ခုက ဘာမှန်းမသိတော့ တံခါးတွေပိတ်နေရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

 

တိမ်ပုံစံမြူခိုးလိုလို အငွေ့တွေမြင်ရင် ထွက်မကြည့်ဘဲ တံခါးတွေ လုံအောင်ပိတ်နေရဖို့ ပြည်သူအချင်းချင်းသတိပေးနေကြရတယ်လို့ ဆိုပါတယ်။