နွယ်အေးဗလီရေ ခင်ဗျားအစား ဂုဏ်ယူတယ်ဗျာ …

ခေတ်အဆက်ဆက် စနစ်အဆက်ဆက် ပြည်သူ့အရေးကြုံလာတိုင်း ခင်ဗျားတို့ တာဝန်ကျေခဲ့ကြတယ်

 

ကမ္ဘာဖျက်ပိုး ကိုဗစ်ဆိုးရဲ့ ဘေးအန္တရာယ်ကျရောက်လာချိန်မှာတော့ ခင်ဗျားကို လူထုက ပိုပြီးသတိထားမိလာတယ် ..

ဗလီတွေဟာ တစ်ကယ်တော့ လူသားတွေအတွက် အကျိုးပြုရာနေရာတွေမှန်း ခင်ဗျားက လူထုနဲ့ မိတ်ဆက်ပေးခဲ့တယ် ..

မမောနိုင် မပန်းနိုင်နဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ညီနောင်တွေရဲ့ ဝမ်းရေးအတွက် နေ့မအား ညမနား ခင်ဗျားတို့ ကူညီခဲ့ကြတယ် ..

 

အိုးကြီး အိုးငယ်အသွယ်သွယ်နဲ့ ပုဝါခြုံ အမျိုးသမီး ကြီးငယ်တို့ရဲ့ မျက်နှာပြင်ထက်မှာ နိုင်ငံ့ရိုးရာအမှတ်အသား သနပ်ခါးပါးကွက်ကြားလေးကိုယ်စီနဲ့ ကြက်သွန် နီ ဖြူ စားနပ်ရိက္ခာအဖြာဖြာကို ဇယ်ဆက်သလို လှီးဖြတ် ချက်ပြုတ်နေကြပုံကလည်း သူတို့ခမျာ မမောနိုင် မပန်းနိုင်ပဲ ပျော်ရွှင်နေကြရှာလေရဲ့ ..

အိုးကြီး အိုးငယ်အသွယ်သွယ်ကြား ဥဒဟိုသွားလာကာ ချို ငန် ဖန် ခါး အစပ်အဟပ်အရသာအတွက် မြည်းစမ်းချက်ပြုတ်နေတဲ့ မုတ်ဆိတ်နဲ့ မာမူကြီးတွေကလည်း ကွမ်းလေးတစ်ဝါးဝါးနဲ့ ပီတိအပြုံးကိုယ်စီနဲ့ရယ်ပါ …

 

တစ်ပတ်ရစ် စွပ်ကျယ်လေးတွေကိုဝတ်ပြီး ဦးခေါင်းထက်မှာ ဗလီဦးထုပ်လေးတွေကိုဆောင်းထားတဲ့ မူစလင်လူငယ်လေးတွေကလည်း အချင်းချင်း စကြ နောက်ကြ ရယ်မောကြနဲ့ ထုတ်ပိုး သယ်ယူ ပို့ဆောင်ရာ လုပ်ငန်းဝန်တာတွေကို ပျော်တစ်ပြုံးပြုံး မော်လို့မဆုံး ပေါ့ပါးသွက်လက်စွာနဲ့ ကိုဗစ်ရဲ့ ပလှိုင်း ဒုလှိုင်းတွေကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ကြတယ် …

အခုတစ်ဖန် လာပြန်ပဟ တတိယလှိုင်း . ထမင်းအသက် 7 ရက်ထက် ပိုအရေးကြီးတဲ့ လေအသက် 4 မိနစ်အတွက် လူထုကို ကူညီနိုင်ဖို့အရေး အခက်အခဲအမျိုးမျိုးကြားကနေ ပြန်လည်ကာ ရုန်းထလာတဲ့ နွယ်အေးဗလီ …

 

နေ့ရယ် ညရယ်လို့လည်း မခွဲအားပဲ အချိန်ပြည့် ပြည့်လွှမ်းနေတဲ့ အောက်ဆီဂျင်လိုအပ်နေသူ ပြည်သူတွေအတွက် သူတို့စွမ်းစွမ်းတမံ ကူညီနေကြပြန်ပြီ ..

တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဘယ်သူမှမပေးတဲ့ တာဝန်ကို ကိုယ့်အသိစိတ်နဲ့ကိုယ်ယူပြီး ပြည်သူ့အသက်တွေအတွက် တစ်ထောင့်တစ်အားကနေ တိုက်ပွဲဝင်လာပြန်တဲ့ နွယ်အေးဗလီ …..

 

ကပ်ကြီးတွေပြီးသွားလို့ ပြန်ရောက်တဲ့တစ်နေ့ ခင်ဗျားရင်ခွင်ထဲ အရောက်လာပြီး ခင်ဗျားနဲ့အတူ အမှတ်တရဓာတ်ပုံတွေ အများကြီး ရိုက်ချင်ပါသေးတယ်ဗျာ ….