ဆိုးရွားလွန်းတဲ့ လူ ​ေ သ မှုကြီးဖြစ်ပွား

ပါကစ္စတန်နိုင်ငံအလယ်ပိုင်းရှိ ယာဉ်အသွားအလာများတဲ့ အမြန်လမ်းတစ်ခုပေါ်မှာ တနင်္လာနေ့က ဘတ်စကားတစ်စီးဟာ ကွန်တိန်နာထရပ်ကားတစ်စီးကို အရှိန်နဲ့ ဝင်တိုက်မိခဲ့တာကြောင့် လူ ၃၃ ဦး သေဆုံးကာ ၄၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ဘတ်စ်ကားပေါ်မှာ အဓိက မွတ်ဆလင် ဘာသာရေးပွဲတော်တစ်ခုအတွက် နေရပ်ပြန်လာကြတဲ့ အလုပ်သမားအများစုပါဝင်တယ်လို့ ဆိုပါတယ်။

 

ဘတ်စ်ကားဟာ Sialkot မြို့ကနေ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ဒါရာဂါဇီခန်းမြို့ကို ထွက်ခွာလာတာဖြစ်တယ်လို့ အကြီးတန်းရဲအရာရှိ ဟာဆန် ဂျာဗက်က ပြောဆိုပါတယ်။ ဘာကြောင့် ယာဉ်တိုက်မှုဖြစ်ရတယ်ဆိုတာကို အသေအချာမသိရသေးဘဲ စစ်ဆေးမှုတွေလုပ်နေဆဲဖြစ်တယ်လို့ ၎င်းက ပြောဆိုပါတယ်။

 

ကယ်ဆယ်ရေးသမားတွေက သေဆုံးရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို အနီးက ဆေးရုံတစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အချို့က စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်းနဲ့ သေဆုံးခဲ့သူ ၃၃ ဦးထဲမှာ ဘတ်စ်ကား ဒရိုင်ဘာလည်း ပါဝင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံဖြစ်သူ ရှီယာခန်က ပြောဆိုပါတယ်။

 

ဆိုရှယ်မီဒီယာပေါ် တက်လာတဲ့ အခင်းဖြစ်စဉ် ရုပ်သံပြကွက်တွေမှာတော့ ကယ်ဆယ်ရေးသမားတွေဟာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားတဲ့ ဘတ်စ်ကားထဲကနေ အလောင်းတွေကို ဆွဲထုတ်ဖို့ကြိုးစားနေကြတာတွေ့ရပါတယ်။ အခြား ပြကွက်တစ်ခုမှာတော့ ဒဏ်ရာရသူအချို့ဟာ ဆေးဘက်ဆိုင်ရာ အကူအညီရဖို့ ဘတ်စ်ကားအနီး ထိုင်စောင့်နေကြတာတွေ့ရပါတယ်။

ပါကစ္စတန်နိုင်ငံမှာ မော်တော်ကားလမ်း အခြေခံအဆောက်အအုံ ညံဖျင်းမှု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေတွေကို လိုက်နာမှုအားနည်းတာတွေကြောင့် လူသေဆုံးမှုများတဲ့ ယာဉ်မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။