မအလကောင်းမှုကြောင့် အမေ မွေးထားသလိုတော့ ဘယ်ဟုတ်ပါတော့မလဲ

ကျည်ထိမှန်ပြီး လက်တစ်ဖက်ဖြတ်လိုက်ရတာကြောင့် အမေ မွေးထားသလိုနော့ ဘယ်ဟုတ်ပါတော့မလဲ အားတင်းထားပါတယ်လို့ စိတ်မကောင်းဖြစ်နေတဲ့ မောင်လျှံဖြိုးအောင်

 

လတ်တလောမှာဆိုရင် ပညာတတ်လူငယ်လေးတွေလည်း ဖမ်းဆီးခံနေရသလို အသက်လည်းပေးနေရတာဖြစ်လို့ပြည်သူလူထုအနေနဲ့လည်း ယူကြုံးမရဖြစ်နေတာဖြစ်ပါတယ်။အခုအခြေအနေမှာတော့ ပြည်သူတွေဘက်မှာ နစ်နာဆုံးရှုံးမှုတွေ အရမ်းများနေပေမယ့် စိတ်ဓာတ်အားမာန်အပြည့်နဲ့ ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ပါတယ်။

တချို့လူငယ်လေးတွေဆိုရင် ကိုယ်လက်အင်္ဂါတွေတောင် ဆုံးရှုံးခံထားရပြီး အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မတ်လ(၂၇)ရက်နေ့ကလည်း အင်ဂျင်နီယာကျောင်းသားလေးဖြစ်တဲ့ မောင်လျှံဖြိုးအောင်က လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကတော့ ရော်ဘာကျည်တွေအပြင် ကျည်အစစ်တွေပါထိမှန်ခဲ့လို့ ညာဘက်လက်မှာ လက်ကောက်ဝတ်အထက်နားမှပြတ်ပြီး ညာဘက်မျက်လုံးတစ်ဖက်လည်း ကွယ်လုနီးပါးဖြစ်ခဲ့တာဖြစ်ပါတယ်။

အင်ဂျင်နီယာကျောင်းသားဖြစ်တဲ့ မောင်လျှံဖြိုးအောင်ခမျာ ကျောင်းပြန်တက်ရင် ပုံဆွဲစရာလက်မရှိတော့လို့ ဝမ်းနည်းခံစားနေရတာပဲဖြစ်ပါတယ်။

 

မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကလည်း မောင်လျှံဖြိုးအောင်ကို အားပေးစကားပြောကြပြီး အစစအရာရာဂရုစိုက်ပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မိသားစုတွေက သားဖြစ်သူဆီလာတွေ့ပြီး သူမွေးထားတဲ့ခွေးလေးကိုပါခေါ်လာပေးတာဖြစ်ပါတယ်။

 

မောင်လျှံဖြိုးအောင်ကတော့ သူ့ရဲ့ခွေးလေးကို အရင်လို သေချာမချီနိုင်တော့တာကြောင့် စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ဒါပေမယ့်လည်း မောင်လျှံဖြိုးအောင်က မိဘတွေအပြုံးပန်းဆင်နိုင်ဖို့အတွက် အားတင်းပြီးရှေ့ဆက်နေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။