အဘိုးရဲ့စျာပနကို လိုက်ပါပို့ဆောင်နေစဥ်မှာပဲ ယုတ်ညံ့တဲ့လုပ်ရပ်ဖြင့် ဖမ်းဆီးခံလိုက်ရတဲ့

ယနေ့မေလ (၂၁) ရက်နေ့မှာတော့ ကယားပြည်နယ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေသလို ကချင်ပြည်နယ်မှာလည်း ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ် ။


ကချင်လူငယ်ခေါင်းဆောင်ဖြစ်တဲ့ မဆိုင်းနူးပန်နဲ့ ကိုလွမ်းဇောင်းတို့နှစ်ယောက်ကတော့ ယနေ့နေ့လည် (၁၂) နာရီဝန်းကျင်ခန့်မှာပဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရတာ ဖြစ်ပါတယ် ။ မဆိုင်းနူးပန်က အဘိုးဖြစ်သူရဲ့စျာပနခရီးကို လိုက်ပါပို့ဆောင်နေစဥ်မှာပဲ အခုလိုကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ် ။

မဆိုင်းနူးပန်နဲ့ ကိုလွမ်းဇောင်းတို့ စီးနင်းလာတဲ့ကားကို တစ်ဖက်ကဝင်တိုက်ပြီး ဖမ်းဆီးသွားခဲ့တာဖြစ်သလို အင်အားသုံး ပစ်ခတ်မှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ် ။ အခင်းဖြစ်နေရာမှာတော့ ကားတစ်စီးက ဘေးကနေ ဝင်တိုက်ခံထားရတဲ့ အနေအထားရှိနေပြီး တစ်ခြားကားတစ်စီးကလည်း ကားအနောက်ဘက်မှန် ပျက်စီးနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် မဆိုင်းနူးပန်အပါအဝင် ပြည်သူတစ်ချို့လည်း ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ် ။

 

မဆိုင်းနူးပန်ရဲ့ မိသားစုဝင်တစ်ဦးကလည်း “အဘိုး အသုဘသွားချတုန်း အစ်မကားကို လိုက်တိုက်ပြီး လူကိုဖမ်းသွားတယ် အစ်မအပါအဝင် (၃) ယောက်ပါသွားပါတယ်” ဆိုပြီး ဓာတ်ပုံနဲ့တကွ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ်

မိသားစုတွေခမျာမှာတော့ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းကြေကွဲနေရတဲ့အပြင် မဆိုင်းနူးပန်ပါ ဖမ်းဆီးခံလိုက်ရတာကြောင့် အရမ်းခံစားနေရတာ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း အဘိုးဖြစ်သူရဲ့စျာပနကိုလိုက်ပို့ရင်း အဖမ်းခံလိုက်ရတဲ့ မဆိုင်းနူးပန်နဲ့ ကိုလွမ်းဇောင်းတို့အတွက် စိတ်မကောင်းဖြစ်နေကြပြီး အမြန်ဆုံးပြန်လွတ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။