CDMလုပ်ထားတဲ့ ခွဲစိတ်ဆရာဝန်ကြီး အကြမ်းဖက်စစ်ကောင်စီကြောင့် ညာဖက်မျက်လုံး ဆုံးရှုံး

 

မကွေးမြို့တွင် မေလ ၂၆ ရက် ညက အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကားမောင်းနှင်လာသော ဒေါက်တာဇရှိန်း၏ လက်ယာဘက်မျက်နှာမှ တဆင့် မျက်လုံးပေါက်ထွက်ဒဏ်ရာရခဲ့ကြောင်း မကွေးမြို့ခွဲစိတ်ဆရာဝန်အသိုင်းအဝိုင်းထံမှ သိရသည်။

 

ဒေါက်တာဇရှိန်းသည် မကွေးသင်ကြားရေးဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်ပြီး မကွေးမြို့ထဲမှ သင်ကြားရေးဆေးရုံသို့အသွား ၃ လမ်းစုံအနီးတွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

 

ပစ်ခတ်ခံခဲ့ရအပြီး ဒဏ်ရာမှာ ပြင်းထန်သဖြင့် မကွေးပြည်သူ့ဆေးရုံကြီးမှတဆင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ လွှဲပြောင်း ကုသနေကြောင်း သတင်းရရှိသည်။

“ညာဖက် မျက်လုံးတော့ ဆုံးရှုံးရပြီပေါ့ဗျာ၊ ဦးဏှောက်မထိခဲ့ဘူးဆိုတော့ အသက်အန္တရယ်တော့ စိုးရိမ်စရာမရှိဘူး” ဟု ဒေါက်တာဇရှိန်း၏ အသိမိတ်ဆွေတစ်ဦးမှ ပြောသည်။

 

ဒေါက်တာဇရှိန်းသည် CDM ပြုလုပ်ထားခဲ့သူဖြစ်ပြီး ၅၀၅ ဖြင့် တရားစွဲခံရမည်စိုးသဖြင့် ဧပြီလကုန်တွင် အလုပ်ပြန်ဝင်ခဲ့သည်ဟု ၎င်း၏တပည့်ဆရာဝန်များက ပြောသည်။