အင်းစိန်တွင် ဆိုင်ကယ်စီးလာသော ကိုထက်အောင်အား စစ်ဆေးရန် ဆိုင်ကယ်မရပ်တန့်သောကြောင့်

 

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပေါက်တော၀တွင် ယမန်နေ့ မေလ ၂၈ ရက်နေ့ ညပိုင်းက ဆိုင်ကယ် စီးနင်းလာသော အသက် ၂၀ ကျော်အရွယ် ကိုထက်အောင်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ဆေးရန် တားဆီးရာ ဆိုင်ကယ်မရပ်တန့်ပေးသောကြောင့် စစ်ကားဖြင့် တိုက်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ည ဘက် ၉ခွဲဝန်းကျင်လောက်။ အင်းစိန်ပေါက်တောဝမှာ ဆိုင်ကယ်ကို တားတာ မရပ်ပေးလို့ဆိုပြီး နောက်ကနေ စစ်ကားနဲ့ လိုက်တိုက်တာ ။ ဆိုင်ကယ်က ရစရာကို မရှိတော့ဘဲ ကောင်လေးကလည်း သတိတောင် မရ၊ အခြေအနေမကောင်းရာကနေ ဆုံးသွားပါတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

 

ကိုထက်အောင်သေဆုံးမှုသည် စစ်ကားဖြင့် တိုက်သတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများဒေသခံများ အတည်ပြုသကဲ့သို့ မိသားစုနှင့် မိတ်ဆွေများကလည်း အတည်ပြုထားသည်။

အပြစ်မဲ့တဲ့ပြည်သူတွေအသက်ကို ရက်ရက်စက်စက်သတ်ကြတယ်။ နင့်တို့အနေနဲ့ဟာ ဒီအသက်၂၀ ကျော်ကောင်လေးကို ဘယ်လိုပဲ ဖမ်းဖမ်း အရှင်ဖမ်းလို့ရပါတယ်။ မသေမချင်း ကားနဲ့တိုက်သတ်ဖို့မလိုပါဘူး။ အပြစ်ရှိတဲ့သူ မဟုတ်တာ လုပ်တတ်သူဆိုလည်း ထားပါတော့။ အကြောင်းမဲ့မဲ့သက်သက်ကြီး သတ်ရတယ်လို့ဟာ ငါ့တို့ရှေ့ဆက်ပြီး ဒီနိုင်ငံမှာ ဘယ်လိုနေရမလဲ အပြင်ကိုရော အလုပ်တွေ ဘယ်လိုထွက်လုပ်ရမလဲ” ဟု ကွယ်လွန်သူကိုထက်အောင်နှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးငယ်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အင်းစိန်မြို့နယ် ရဲစခန်းကို ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖုန်းခေါ်ဆိုရာတွင် ဖြေကြားရန် တာဝန်မရှိကြောင်း၊ သိချင်လျှင် စခန်းသို့သာ လာခဲ့ရန် ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။