အိမ်ပိုင်မရှိဘဲအထိုင်ကျပြီးသားနေစရာတစ်ခု စွန့်လွှတ်ရတဲ့ဒုက္ခကိုလိုင်းခန်းနေဖူးသူတွေပဲ နားလည်တယ်။

CDM လုပ်သော ဝန်ထမ်းများအလုပ်ပြန်ဝင်မလား၊ လိုင်းခန်းနှင်ချခံမလားကြေငြာချက်ထုတ်တော့သတ္တိရှိရှိပဲ လိုင်းခန်းကဆင်းကြတယ်။သတ်မှတ်ရက်ထိတောင် မစောင့်ဘူး။

 

အဲဒီမှာ တစ်ခုတွေးမိတာရှိတယ်။အကြမ်းဖက်အုပ်စု အာဏာသိမ်းခါစသပိတ်အစမှာ မုန့်ဝေတာလိုလို၊ရေဘူးကမ်းတာလိုလိုလုပ်တဲ့ လုပ်ငန်းရှင်ကြီးတွေဟာတော်လှန်ရေးကြာမြင့်လာတဲ့အခါအကြမ်းဖက်မှု မြင့်တက်လာတဲ့အခါပြည်သူ့ဖက်က ပေါ်တင်မရပ်ရဲတော့ဘူး။အဲဒီတုန်းက ထွက်ခဲ့တဲ့ ဆယ်လီအချို့နဲ့အနုပညာရှင်အချို့လည်း မတွေ့ရတော့ဘူး။

အခုထိ တောင့်ခံထားနိုင်တာအခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေပဲ။အနုပညာရှင်ဆိုလည်း
အလယ်လတ်တန်းနာမည်ရှိသူတွေပဲမြေပြင်ရော၊ Onlineပါ တော်လှန်နေတာ မြင်ရတယ်။
စီးပွားရေးအရမ်းအောင်မြင်တဲ့ သူဌေးတွေ
အနုပညာမှာ အရမ်းနာမည်ကြီးလွန်းသူတွေ
သိပ်မတွေ့ရတော့ဘူး။

 

ကုမ္ပဏီတစ်ခု ပြုတ်လို့ ယိုင်မသွားတဲ့လူတွေထက်
စျေးဗန်းမှောက်ရင် ညစာငတ်မယ့် အရင်းပြုတ်မယ့်
လူတွေက ပိုသတ္တိရဲနေကြတယ်။ကျနော့်နှလုံးသား ပြောဖူးသလိုပဲ အပါးအလှပ်လေး ထိခိုက်မိသူတွေက
အသံပိုကျယ် ကြတယ် ”

အိမ်ပိုင်မရှိဘဲအထိုင်ကျပြီးသားနေရာတစ်ခု စွန့်လွှတ်ရတဲ့ဒုက္ခကိုလိုင်းခန်းနေရသူတွေပဲ နားလည်မှာပါ။

 

ထားပါ….ခေတ်က မကောင်းရတဲ့ကြားထဲ စာကရှည်မိနေပြီ။တောင်းပန်ပါတယ်။

စိတ်ချပါ…ခေတ်ကြီး ပြန်ကောင်းတဲ့အခါ၊မြန်မာပြည်ကြီး ကျန်းမာလာတဲ့အခါCDMလုပ်ပြီး လိုင်းခန်းကဆင်းသွားသူတွေကိုမူလရာထူး၊ မူလနေရာထက် ​မမြင့်တောင်မူလအတိုင်း ရဖို့ ကျနော်တို့ လော်ဘီလုပ်မယ်။( အခုလည်း နယ်ပြန်ဖို့လမ်းစရိတ်ကို နိုင်သလောက် ထည့်ဝင်ပေးတယ် )

အနိုင်ရပြီးတဲ့အခါကျဆုံးသူရဲကောင်းတွေအတွက် ဂုဏ်ယူနေသလိုဘဝနဲ့ရင်းပြီး CDM လုပ်ပေးသူတွေအတွက်လည်းဂုဏ်ပြုရမယ်။ အဲ့အချိန်တက်လာတဲ့အစိုးရကကြောင်ကွက်နင်းရင် ကျနော်တို့ ဝိုင်းလော်ကြမယ်။သွေးအေးသွားလို့ ကျနော်တို့မေ့နေရင်လည်းလော်ဘီလုပ်ပေးဖို့ သတိပေးပါခင်ဗျာ။

 

လေးစားပါတယ် CDM သူရဲကောင်းများခင်ဗျာ။