စစ်ဘေးဒဏ်အလူးအလဲခံနေရတဲ့ ကျွန်တော်တို့ကို ကြည့်ကြပါ ဦးဗျာ…..

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် လူဦးရေ ၁၀၀၀ ကျော်ရှိလာပြီးစားနပ်ရိက္ခာ၊ဆေးဝါးနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း ဒုက္ခသည်စခန်းတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

စစ်ဘေးရှောင် ဒုက္ခသည်များတွင် ကလေးငယ်များ၊ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများ ပါဝင်ပြီး ဆေးဝါး အကူအညီလည်း လိုအပ်နေသည် ဟု ၎င်း ကဆိုသည်။

 

“အခုအနေအထားအထိ စစ်ရှောင်ဒုက္ခသည်တွေ လာနေကြတာ ၁၀၀၀ ကျော်ပါပြီ။အခုအနေအထားထိ စစ်ရှောင် စခန်းကို Camp ပုံစံ မဟုတ်ဘဲ နဲ့ နေအိမ်တွေမှာ အခြေချ နေထိုင်ခိုင်းကြပါတယ်/ တကယ်လို့နေအိမ်တွေ မလောက်ရင် ကျနော်တို့ရွာက စင်တာဆောက်ဖို့ planချထားပါတယ်။

 

စစ်ရှောင်ဒုက္ခသည်၁၀၀၀ ကျော်နဲ့ စားနပ်ရိက္ခာပြဿနာက တဖြည်းဖြည်းပေါ်လာပြီ တစ်ချို့သောသူတွေက ပြေးလာရင်း ပိုက်ဆံပါလာကြပေမယ့် ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် တက်တာရယ် ကုန်ပစ္စည်းပြတ်လပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု စစ်ရှောင်စခန်း တာဝန်ခံက ဆိုသည်။

လက်ရှိတွင် ဆေးဝါးအခက်အခဲလည်း ကြုံတွေ့နေရသည်ဟု သိရှိရသည်။

“ကျနော်တို့ရွာ ကိုယ်၀န်ဆောင်ရယ် 5နှစ်အောက်ကလေးတွေရယ် မသန်စွမ်းတွေရယ် သက်ကြီးရွယ်အိုတော်တော်များများ လာနေကြလို့ အကြီးမားဆုံးပြဿနာက ဆေးဝါး မရှိတဲ့ပြသာနာ၀ယ်ဖို့လည်း ခက်တဲ့အခြေအနေပါ ကျန်းမာရေးစောင့်ရှောက်ဖို့ volunteerရှိပေမယ့်

ဆေးဝါးမရှိတော့ လှူဒါန်းပေးနိုင်မယ်ဆိုရင် အရမ်းကျေးဇူးတင်မှာပါ အခုအနေအထားထိ စားနပ်ရိက္ခာက ၂ ရက်စာလောက်လောက်သေးတယ်ပြီးတော့ အခုချိန်ထိလည်း ဘယ်အဖွဲ့ အစည်း ရဲ့ ထောက်ပံ့မှုမရသေးတဲ့ ကျေးရွာဖြစ်တာမို့ အကူအညီအရမ်းလိုအပ်ပါတယ်” ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံက ဆိုသည်။