ကောင်လေးရဲ့အသက်ကပေးလိုက်ရပြီ အကြမ်းဖက်စစ်ကောင်စီက အိမ်မှား၀င်တာတဲ့လား???

 


မန္တလေးတိုင်း ပုဂံမြို့သစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရုံးတန်းရပ်ကွက်နှင့်မှန်ချိုရပ်ကွက်တို့ကို ဝင်ရောက်စီးနင်းပြီး လူငယ်များ ဦးကို အကြမ်းဖက် ဖမ်းဆီးရာတွင် ကိုမိုးမြင့်အောင်ဆိုသော လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားမှုသည် အိမ်မှားဝင်ရောက်မှုဟု အကြမ်းဖက်စစ်ကောင်စီဘက်က ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

“မနေ့က ညနေမှာ ဖမ်းသွားတဲ့ ကလေးတွေ အကုန်ပြန်လွှတ်ပါတယ်။ ဒဏ်ရာတွေတော့ ရကုန်ကြတယ်။ စခန်းဘက်ကတော့ အိမ်မှားဝင်တာပြောတယ်။ ဖမ်းထားတဲ့သူ ပြန်လွှတ်လိုက်ပေမယ့် သေသွားတဲ့ ကိုမိုးမြင့်အောင်အသက်ကတော့ မိသားစုအတွက် တော်တော်ကို ခံစားရတယ်။

သူ့အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တာ။ အိမ်မှားဝင်တာ ဒီလို ပစ်ခတ်ပြီး သတ်စရာလား။ တာဝန်ယူမှု တာဝန်ခံမှု ဘယ်သူမှ မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

 

ပုဂံမြို့သစ် ပျူစောထီးတောင် ရုံးတန်းရပ်ကွက်မှ ကွယ်လွန်သူ ကိုမိုးမြင့်အောင်၏ နာရေးကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်​ကြောင်း သိရှိရသည်။