သာစည်ကျေးရွာတွင် ယနေ့ နေ့လယ်ပိုင်းမှ စတင်ကာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေ

ကလေးမြို့ သာစည်ရွာတွင် စစ်တပ်နှင့် ဒေသကာကွယ်ရေး အဖွဲ့ များကြား တိုက်ပွဲ ဖြစ်နေ

 

ကလေးမြို့ ၊ သာစည်ကျေးရွာတွင် ယနေ့ နေ့လယ်ပိုင်းမှ စတင်ကာ ကလေးမြို့ ပြည်သူ့ လုံခြုံရေးအဖွဲ့ (KCA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ကလေး/ PDF)တပ်ဖွဲ့ များနှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

“ဒီမနက် တက္ကသဟောင်း ကိုနိုင်ထွန်းနဲ့ သာစည်ရွာ ဥက္ကဌကို ဝင်ဖမ်းရာကနေ စတာ။ သူတို့ဘက်က အင်အား ၆၀ လောက် ရှိတယ်။ အစတော့ ကျနော်တို့ ဝင်ရင် လူထုနာမှာဆိုးလို့ စောင့်နေတာ။ သူတို့ ရွာထဲက ပြန်မထွက်တော့ အခု ၁၂ နာရီ ကျော်မှာ တိုက်ပွဲ စဖြစ်နေပြီ”ဟု ကလေး PDF အဖွဲ့ဝင်တဦးက ပြောသည်။

ယနေ့ မနက် ၅ နာရီခန့်တွင် ကလေးမြို့ သာစည်ကျေးရွာတွင် နေထိုင်သူ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်ဟောင်း ကိုနိုင်ထွန်းကို လာရောက် ဖမ်းဆီးခဲ့ပြီး ကျေးရွာ ဥက္ကဌနှင့် တူမ ဖြစ်သူတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ရွာထဲ တွင် ဝင်ရောက် တပ်စွဲ၍ သေနတ်များ ပစ်ဖောက်နေကြောင်း ဒေသခံတချု့ိက ပြောသည်။

 

“အခု ကျနော်တို့လည်း ပုန်းနေရတယ်။ အပြင်မထွက်ရဲဘူး။ သူတို့ မဲမဲမြင်ရာ လိုက်ပစ်နေကြတာ”ဟု သာစည်ကျေးရွာ သားတဦးက ပြောသည်။ လက်ရှိတွင် သာစည် ကျေးရွာထဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့် နေရာ ယူထားပြီး တိုက်ပွဲမှာ ပိုမို ပြင်းထန် လာဖွယ် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကြောရေးတွင် စစ်ကောင်စီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ကလေးမြို့မှ ဆိုင်ကယ်ပြင်ဆရာ ကိုမင်းမင်းဆိုသူမှာလည်း ကလေးမြို့ ၊ သာစည်ရွာသား တဦး ဖြစ်သည်။

 

ကလေးမြို့သည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည့် မြို့ တမြို့ ဖြစ်ပြီး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၃၀ ကျော်၊ အဖမ်းခံရသူ ၁၀၀ နီးပါး ရှိနေပြီး ဖြစ်ကြောင်းလည်း သိရသည်။

(ကလေးမြို့တွင် မတ်လအတွင်း တိုက်ပွဲများ စတင်ခဲ့စဉ်က ပုံအဟောင်း ဖြစ်ပါသည်)